မြို့ပြစစ်ဆင်ရေးတွေကို ဆင်နွဲနေတဲ့ ထားဝယ်ပြောက်ကျားအဖွဲ့က ရဲဘော်တစ်ဦးဟာ တာဝန်ထမ်းဆောင်ရင်း မတော်တဆမှုတစ်ခုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါအဖွဲ့ကနေ သိရပါတယ်။
ကျဆုံးသွားသူဟာ ထားဝယ်ပြောက်ကျားအဖွဲ့ – Guerrilla Dawei က ရဲဘော်မြွေဆိုးဖြစ်ပြီး အခုလ ၁၀ ရက်က လောင်းလုံးမြို့နယ်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တာလို့ အဖွဲ့တာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“တပ်ဖွဲ့ထဲမှာ ဘယ်လိုတာဝန်မျိုးမဆို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသားလုပ်ဆောင်တတ်တဲ့ ရဲဘော်တစ်ယောက် ကျဆုံးခဲ့တဲ့အတွက် တပ်ဖွဲ့အတွက် အင်မတန်နစ်နာခဲ့ရသလို ရဲဘော်တွေအနေနဲ့လည်း အရာရာအလျော့ပေး သည်းခံတတ်တဲ့ ရဲဘော်ကောင်းတစ်ယောက်ဆုံးရှုံးသွားတဲ့အတွက် အင်မတန်ဝမ်းနည်းရပါတယ်” လို့ Guerrilla Dawei အဖွဲ့ တာဝန်ခံက ပြောပါတယ်။
ရဲဘော်မြွေဆိုးရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း ရဲဘော်တွေက အမြဲအမှတ်ရဦးညွတ်နေမှာ ဖြစ်တယ်လို့ Guerrilla Dawei က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအဖွဲ့ဟာ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း လောင်းလုံးမြို့နယ် လဝကရုံးကို စီးနင်းပြီး စရဖရုံး၊ ရဲစခန်းတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။