တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာစစ်ကောင်စီနဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေ စက်တင်ဘာလမှစပြီး လုံးဝရပ်တန့်ရမယ်လို့ ကော်သူလေးတပ်မတော် က သြဂုတ်လ ၃၀ ရက်နေ့ က ထုတ်ပြန်ကြေငြာလိုက်သည်။
ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့က စပြီး လကုန်ရက်အထိ ထားဝယ်မြို့နယ်၊အရှေ့တောနယ်၊ ခမောင်းသွယ်ဒေသနဲ့ ဘန်းချောင်းဒေသမှာရှိတဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့မည်သည့်လုပ်ငန်းမဆို စက်တင်ဘာလကုန်အထိ ရပ်တန့်ပစ်ရမယ်လို့ တနင်္သာရီ အခြေစိုက် KTLA ဆာကေဆာတပ်မက ဆိုပါသည်။
“ထားဝယ်မြို့နယ် မှာ အခုအချိန်အထိ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ ဟာ အများကြီးရှိနေသေးတယ်။အဓိက အချက်ကတော့ စစ်ကောင်စီအတွက် လောင်စာဆီသယ်ယူနေတာတွေလည်း အခုအထိရှိနေတုန်းပါပဲ့။မှောင် ခိုလုပ်ငန်းတွေ အပြင်အခြားတရားမဝင်လုပ်ငန်းတွေ လည်းအများကြီးပါပဲ့။အဲဒီ လုပ်ငန်းတွေကို အခုလ ဆန်းမှစပြီး လကုန်တဲ့အထိ လုံးဝရပ်တန့်ပစ်ရမည်”ဟု တနင်္သာရီ အခြေစိုက် KTLA ဆာကေဆာတပ်မရဲ့ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီသက်ဆိုးရှည်အောင်ထောက်ပံ့ကူညီပေးနေတဲ့ ဒေသခံ ရွာသူ၊ရွာသားတွေနဲ့ ရပ်ရွာအတွင်း တာဝန်ရှိ အကြီးအကဲတွေကို လည်း စစ်တပ်နဲ့ကင်းကင်းရှင်းနေပြီး နောက်ထပ်မပတ်သက်ကြဖို့ကို သတိပေးတားမြစ်ထားကာ ထုတ်ပြန်ချက်ကိုလေးစားလိုက်နာမှုမရှိပဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက စည်းကမ်းချက်အတိုင်းအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ kTLA ကဆိုသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KTLA ဘက်ကတော့ နယ်မြေခံတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံကာ ရှင်းပြထားပြီးဖြစ်တယ်လို့ ၎င်း ကဆိုပါသည်။
ပြီးခဲ့တဲ့ လက KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ အကြား စစ်ရေးအရ နှစ်ဖက်ထိတွေ့မှုတွေရှိခဲ့သလို နှစ်ဖက် ဆက်ဆံရေးအဆင်မပြေမှုတွေလည်းရှိခဲ့သည်။
KTLA ဆာကေဆာ ရဲ့ထုတ်ပြန်ချက်ထဲမှာပါတဲ့ နယ်မြေတွေဟာ KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၀ ၊တပ်ခွဲ ၂ ရဲ့ လှုပ်ရှားတဲ့ဒေသဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်မှာပါရှိတဲ့ထားဝယ်မြို့နယ်က ခမောင်းသွယ်ဒေသနဲ့ ဘန်ချောင်းဒေသတွေဟာ ကရင်အများဆုံးနေထိုင်တဲ့ နေရာဒေသတွေလည်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ထုတ်ပြန်ချက်မှာပါတဲ့ နယ်မြေတွေမှာ တနင်္သာရီ အခြေစိုက် KTLA ဆာကေဆာ တပ်မ၊KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၀ ၊တပ်ခွဲ ၂ တို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အချို့တို့ အခြေချ လှုပ်ရှားသွားလာနေ ကြတာလည်းဖြစ်သည်။