ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာကပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးသူဟာ ဟိန္ဒားရွာ အမှတ် (၁၂) ရပ်ကွက်က အသက် ၅၀ ကျော်အရွယ် ဦးသိန်းတန်ဆိုသူဖြစ်ပါတယ်။
သူ့ကို အခုလ ၁၂ ရက်နေ့နေ့လယ်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့မွန်းလွဲပိုင်းမှာတော့ ဟိန္ဒားရွာသင်္ချိုင်းမှာ သေဆုံးနေတဲ့ အလောင်းကိုတွေ့ရတယ်လို့ ဆိုပါတယ်။
“အစကတော့ ခြံထဲကိုသွားရင်း ပျောက်နေတယ်ပေါ့နော်။ မနေ့ကစပြီး ဖမ်းပြီး အသတ်ခံလိုက်ရပြီဆိုတဲ့ သတင်းတွေ စကြားရတယ်။ ဒီနေ့ကတော့သေချာသွားတာပေါ့” လို့ဟိန္ဒားရွာခံတစ်ဦးကပြောပါတယ်။
ဦးသိန်းတန်ဟာ လက်နက်ကိုင်ပျူစောထီးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လလောက်အထိ သေနတ်လွယ်ပြီးသွားနေတာမျိုးတွေ့ရတယ်လို့လည်း ရွာခံကဆိုပါတယ်။
ဒါ့အပြင်ရွာထဲမှာ အာဏာပြတာ၊ ရမ်းကားတာနဲ့ တပိုင်တနိုင်ခဲသတ္တုတူးဖော်နေသူတွေဆီက ဆက်ကြေးကောက်ယူတာတွေပြုလုပ်နေသူလို့လည်း ဒေသခံတွေကဆိုပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်ကို တနင်္သာရီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
သူ့ကိုဘယ်အဖွဲ့က သတ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ဟိန္ဒားရွာထိပ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ စစ်ကောင်စီတပ်သားတွေ အခိုင်အမာတပ်စွဲနေထိုင်နေပြီး ပျူစောထီးတွေနဲ့လည်းပူးပေါင်းလုပ်ကိုင်တာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဦးသိန်းတန်ဖမ်းဆီးခံရတဲ့ညကလည်း တပ်စွဲထားတဲ့စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေ အများအပြားရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ဟိန္ဒားရွာအပြင်ပိုင်းက ခဲသတ္တုလုပ်ကွက်တွေထဲကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါးရောက်လာပြီး ရွာခံအမျိုးသား ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးသွားပြီး စစ်ကြောင်းထိုးနေပါတယ်။