ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ကစစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက် ဝကုန်းရွာကိုရောက်ရှိနေပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ လွန်ခဲ့တဲ့နှစ်ရက် အခုလ ၁၄ ရက်နေ့ကတည်းက ကျောက်မဲတောင်ရဲစခန်းကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဒီနေ့မနက်မှာ ဝကုန်းရွာကနေ ပကာရီဘက်ကိုဦးတည်ထွက်လာချိန် မနက် ၁၀ နာရီလောက်မှာ ရွာသားတွေကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
” ဖမ်းတာက ဝကုန်းဘောလုံးကွင်းနားမှာပါ။ သူတို့နဲ့အတူ ခေါ်ဆောင်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဝကုန်းရွာကို မနေ့ကတည်းက ရောက်ရှိလာတာဖြစ်ပြီး ညနေပိုင်းမှာ ဒေသခံ အမျိူးသား၊ အမျိုးသမီး ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပေမယ့် ဒီနေ့မနက်အစောပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းစဝင်တဲ့နေ့ကလည်း ဟိန္ဒားရွာအပြင်ပိုင်းမှာ တပိုင်တနိုင်ခဲသတ္တုလုပ်ကိုင်နေတဲ့ ရွာသား ၄ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ ပါသေးတယ်။ အဲဒီ ၄ ဦးကိုလည်း ညပိုင်းမှာ ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ဝကုန်းရွာ၊ ဘဝပင်ရွာ၊ သင်္ကန်းတုံးနဲ့ လိပ်ကြယ်ပြောင်ရွာတွေက ဒေသခံအများအပြား နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“စစ်ကြောင်းက ဘယ်ဆက်သွားမလဲမခန့်မှန်းနိုင်ဘူး။ ကျနော်တို့ကတော့ ရှောင်နေပြီ” လို့စစ်ဘေးရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားတာတွေမရှိသေးပေမယ့် လက်ရှိမှာတော့ စစ်ရေးတင်းမာနေတဲ့အနေအထားဖြစ်နေတယ်လို့လည်း ဒေသခံကဆိုပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီစစ်ကြောင်းတွေ အရင်ကလည်းမကြာခဏ ဝင်ရောက်ဖူးပြီး စစ်ကြောင်းဝင်တဲ့အချိန်တိုင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလေ့ရှိပါတယ်။