ထားဝယ်မြို့ပေါ်က ဝန်ကြီးများအိမ်ရာ မနေ့ညက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခံရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့ကည ၁၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး အခုလိုပစ်ခတ်ခံရမှုဟာ တတိယအကြိမ်မြောက် ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။
“ပေါက်ကွဲသံကြားတာတော့ ဆယ်ချက်လောက်ရှိမယ်။ ပထမဆုံးလက်နက်ကြီးတွေကတော့ ဝန်ကြီးအိမ်ရာဝင်းထဲ ကျနေတာသေချာပါတယ်။ ကျမတို့နဲ့ကနီးတော့ အိမ်ပါတုန်တယ်” လို့ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ဝန်ကြီးအိမ်ရာပစ်ခတ်ခံရပြီး သိပ်မကြာခင်မှာပဲ ထားဝယ်မြို့အနီးက သဲပုံတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက လုပ်စိန်ပြောင်း ၈၁ မမနဲ့ ပစ်ခတ်လို့ ထားဝယ်မြို့တိုင်းအစိုးရအဖွဲ့ရဲ့ သံယံဇာတဝန်ကြီးအိမ်ရာနဲ့ လုံခြုံရေး နဲ့နယ်စပ်ဒေသဝန်ကြီး အိမ်ရာအနီးကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကြောင်း ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီလက်နက်ကြီးတွေဟာ လောင်းလုံးမြို့နယ်ဘက်ကနေ ပစ်ခတ်နေတာဖြစ်ပြီး လောင်းလုံးမြို့ကို ထိန်းချုပ်နိုင်ပြီလို့ တင်ပြထားတဲ့ ဝန်ကြီးချုပ်ကိုလည်း မေးခွန်းထုတ် အပြစ်တင် ရေးသားထားပါတယ်။
ဝန်ကြီးအိမ်ရာနဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးရေးဦးစီးဌာနရုံးတို့ အခုလ ၁၆ ရက်နေ့ညပိုင်းကလည်း ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရသလို ပြီးခဲ့တဲ့မေလအကုန်ပိုင်းကလည်း ဝန်ကြီးအိမ်ရာထဲကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ဖူးပါတယ်။