တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးမှ စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ် သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများအပြားရရှိကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သော အဆိုပါစခန်းအား အမှတ်(၃၄) ဗျူဟာစစ်ဆင်ရေးမှူး ဗိုလ်စီဝမ်း ဦးဆောင်ပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် ၊တပ်ရင်း(၁) ( T1 ) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ (T5 SOF)နှင့် (ပကဖ) ဥဩစစ်ကြောင်းတို့က မတ်လ ၂ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်သည်။
” ပျူတွေရော စစ်သားတွေပါ သေတာပါ။ အလောင်းတွေရတယ်။ သေဆုံးစာရင်း ကျတော်တို့ မပြောနိုင်သေးပါဘူး။ လက်နက်တွေလည်းရပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနှင့် နီးစပ်သူက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက MI- 2 အမျိုးအစားရဟတ်ယာဥ်ကို အသုံးပြုပြီး သုံး ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တိုက်ပွဲအတွင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသတင်းရရှိသည်။
ဖေဖော်ဝါရီ၂၁ရက်ကလည်း ထားဝယ် – ထီးခီးလမ်းပိုင်းတွင် ကား ၁၇ စီး၊အင်အား ၃၀၀ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုနေ့က ထားဝယ်-ထီးခီးလမ်းပိုင်းမှဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတွင် တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ် ၆စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက် မနည်းရှိခဲ့သည်။
အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီက MI – 2 ရဟတ်ယာဥ်ဖြင့် ဝကုန်းကျေးရွာကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများသည် စစ်ကောင်စီတပ်သားများ အခြေစိုက်ရာစခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် မည်သည့်နေရာမှ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။