ကျန်းမာရေးဝန်ဆောင်မှုတွေ လက်လှမ်းမမှီတဲ့ အခြေအနေတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ရက်လေးဆယ်ကျော်ကြာတဲ့ အခြေခံကျန်းမာရေးစောက်ရှောက်မှု အွန်လိုင်းသင်တန်း တစ်ခုကို ထားဝယ်ခရိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အွန်လိုင်းသင်တန်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီလအထိ အွန်လိုင်းကနေ သင်ကြားပေးခဲ့တာဖြစ်ပြီး
မြေပြင်ကျန်းမာရေး စောက်ရှောက်မှုပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ကြတယ်လို့ သင်တန်းစီစဥ်သူတွေနဲ့ သင်တန်းသားတွေက ပြောပါတယ်။
“ ပြည်သူတွေလိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ လက်လှမ်းမမှီတဲ့ အခြေအနေမျိုးတွေကို လျှော့ချနိုင်ဖို့အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ဆိုတဲ့ အနေအထားမှာ လုပ်သက်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အတူ ဆောင်ရွက်နိုင်မဲ့ စေတနာ့ဝန်ထမ်းတွေဖြစ်လာဖို့ရည်ရွယ်ပါတယ်” လို့ ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။
သင်တန်းမှာ အခြေခံခွဲစိတ်ကိရိယာတွေကိုင်တွယ်အသုံးပြုခြင်းနဲ့ ထုံဆေး၊ မေ့ဆေး အသုံးပြုနည်းတွေအပါအဝင် သင်ရိုးညွှန်းတမ်းကိုးခုနဲ့ အခြေခံသိသင့်သိထိုက်တာတွေကို အသေးစိတ်သင်ကြားပို့ချပေးခဲ့တယ်လို့ သင်တန်းပို့ချပေးရာမှာပါဝင်တဲ့ ဆရာတစ်ဦးက ရှင်းလင်းပြောပြပါတယ်။
သင်တန်းကို မြေပြင်မှာ ကျန်းမာရေးစောက်ရှောက်မှုကို လုပ်ဆောင်ပေးနေတဲ့သူ ၅၇ ဦး တက်ရောက်ခဲ့တယ်လို့ စီစဉ်သူတွေဆီက သိရပါတယ်။
သင်တန်းသူတစ်ဦးက “လက်တွေ့မြေပြင်မှာ အသုံးချဖို့ကြတော့ ဒီအွန်လိုင်းသင်တန်းတစ်ခုတည်းကို ကျမတို့က အားပြုလို့မရဘူး။ သင်တန်းသားတွေကိုယ့်တိုင်ကလည်း မြေပြင်မှာ လက်လှမ်းမှီသလောက် ကိုယ့်အနီးနားက ကျွမ်းကျင်သူတွေဆီကနေ သေချာလေးသင်ယူသင့်ပါတယ်။ ကျမတို့ ကိုယ်တိုင်သင်ယူနိုင်မှုက ပိုပြီး အခြေခံကျမှာပါ” လို့ မှတ်ချက်ပေးပါတယ်။
အခုလို အခြေခံကျန်းမာရေးစောက်ရှောက်မှု အွန်လိုင်းရက်ရှည်သင်တန်းကို မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်မှာလည်း စီစဥ်သွားဖို့ရှိတယ်လို့ သင်တန်းစီစဥ်သူတွေဆီကနေ သိရပါတယ်။
ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့၊ လူမှုအထောက်အကူပြုကော်မတီနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ကျန်းမာရေးအဖွဲ့တို့ကနေပူးပေါင်းစီစဉ်ခဲ့တဲ့ အဆိုပါ သင်တန်းရဲ့ သင်တန်းဆင်းပွဲကို မနေ့က မနက်ပိုင်းမှာ Zoom platform ကနေပြုလုပ်ခဲ့ပါတယ်။