ထားဝယ်အကျဥ်းထောင်က ဆေးမှူးကြီးအပါအဝင် အကျဥ်းထောင်ဝန်ထမ်း ၁၀ ဦးဝန်းကျင် ပြစ်ဒဏ်တွေချမှတ်ခံရတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်မှာပြီးခဲ့တဲ့လ ဒုတိယပတ်ကစလို့ ထောင်ဝန်ထမ်းရော အကျဥ်းသားတွေကိုပါ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စစ်ဆေးပြီး တရားစွဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်နေချိန် အခုလ ၁၄ ရက်နေ့က ဒုထောင်မှူးရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေသိမ်းမိခဲ့ပြီးနောက် ဒုထောင်မှူး ဦးသူရိန်ထွန်းနဲ့ ထောင်မှူး ဦးအောင်နိုင်ဖေအပါအဝင် ဝန်ထမ်းအများအပြားကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
အဲဒီထဲက ထားဝယ်ထောင် ဆေးမှူးကြီး ဦးဝင်းဇော်ကိုတော့ ထောင်ထဲမှာစျေးရောင်းချတဲ့ ကိစ္စနဲ့ပက်သတ်ပြီး အခုလ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၁ လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“ဆေးမှူးကြီးက ခေါ်စစ်ပြီး သိပ်မကြာဘူးအမိန့်တန်းချခံရတာပဲဗျ။ အစက ပုဒ်မနှစ်ခုလို့ကြားထားတာ။ နောက်ပုဒ်မ ရှိ၊ မရှိလည်း မပြောနိုင်ဘူး” လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဆေးမှူးကို တပ်ခဲ့တဲ့ ပုဒ်မကိုတော့ မသိရဘဲ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို ဖမ်းဆီးထားတဲ့ တိုက်အဆောင်တွေမှာ သူ့ကို ချုပ်ထားတယ်လို့လည်း နီးစပ်သူကပြောပါတယ်။
ဆေးမှူးကြီးအပြင် နောက်ထပ် အမိန့်ချခံထားရတဲ့ အကျဥ်းထောင်ဝန်ထမ်းက ၁၀ ဦးဝန်းကျင်လောက်ရှိပြီး သူတို့ကိုလည်း ထောင်ဒဏ် ၆ လကနေ ၁ နှစ်ခွဲလောက်အထိအသီးသီးအမိန့်ချထားတယ်လို့ သိရပါတယ်။
ထောင်ချခံရတဲ့ အကျဥ်းထောင်ဝန်ထမ်းအရေအတွက်၊ တရားစွဲခံရတဲ့ပုဒ်မနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့နှစ်အရေအတွက် အသေးစိတ်ကိုတော့မသိရသေးပါဘူး။
အကျဥ်းသားမိသားစုဝင်တစ်ဦးကတော့ ဖမ်းဆီးထောင်ချခံရသူတွေဟာ ထောင်ဝင်စာပါဆယ်လက်ခံတဲ့နေရာက ဝန်ထမ်းတွေ၊ ထောင်ဘူးထဲမှာ စစ်ဆေးရေးတာဝန်ယူထားတဲ့ဝန်ထမ်းတွေ အဓိကပါဝင်တယ်လို့ ပြောပါတယ်။
အဲဒီဝန်ထမ်းတွေအပြင် ပထမအကြိမ်ဝင်ရောက်စစ်ဆေးကတည်းကဖမ်းဆီးထားတဲ့ ဝန်ထမ်း ၅ ဦးကိုလည်း ပြင်ပတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။
ပြင်ပတရားရုံးမှာစစ်ဆေးနေတဲ့ အထဲကအိပ်ဆောင်မှူး ဗိုလ်လေးကိုတော့ ပထမအကြိမ်အမိန့်ချထားပြီး နောက်ထပ် မူးယစ်ပုဒ်မ ၁၉ (က)၊ မူးယစ်ပုဒ်မ ၂၁ နဲ့ ဝန်ထမ်းရဲ့ရာထူးကိုအသုံးပြုပြီးအပြစ်ကျူးလွန်မှု ပုဒ်မ ၂၂ တို့နဲ့ ထပ်မံတရားစွဲထားပါတယ်။
ဝန်ထမ်းအများအပြား စစ်ဆေးခံရတာ၊ ထောင်ချခံရတာတွေကြောင့် ထားဝယ်ထောင်မှာ ဝန်ထမ်းဟောင်း အနည်းစုသာကျန်ရှိပြီး လက်ရှိမှာ ထောင်ဝန်ထမ်းအသစ်တွေက လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
အကျဥ်းသားထဲမှာကတော့ မူယစ်ဆေးအမှုနဲ့ထောင်ကျနေတဲ့ အကျဥ်းသား ၆ ဦးကို အကျဥ်းထောင်ထဲမူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး ထောင်ဒဏ်နှစ်အကန့်အသတ်မရှိအမိန့်ချလို့ရတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
အလားတူလက်ကိုင်ဖုန်းမိတယ်လို့ဆိုကာ ထောင်တွင်းပြည်ဒဏ် ထပ်တိုးချမှတ်ခံထားရတဲ့အကျဥ်းသားကလည်း ၂၀ ဦးဝန်းကျင်ရှိပါတယ်။