ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီတပ်က အင်အားထပ်တိုးပြီး အင်အား နှစ်ရာကျော်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်သား တစ်ရာကျော်ဟာ မနေ့ကမနက်စောစောမှာ ထားဝယ်အရှေ့တောဘက်ကို လမ်းတစ်လျှောက်လက်နက်ကြီးတွေပစ်ခတ်ပြီးဝင်ရောက်ခဲ့ပါတယ်။
ဒီနေ့နေ့လယ်လောက်မှာလည်း စစ်ကောင်စီကား ၁၅ စီးဝန်းကျင်ပါယာဥ်တန်း ထားဝယ်-ထီးခီးလမ်းအတိုင်း အရှေ့တောနယ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။
သူတို့ဟာ မနေ့ကတည်းက ရမ္မဇူရွာကို ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး အင်အား၂၀၀ ကျော်နဲ့ အခုမွန်းလွဲ ၁ နာရီလောက်မှာတော့ အရှေ့ဘက်ကိုဆက်တိုးလာတယ်လို့သိရပါတယ်။
“ရမ္မဇူရွာကနေ ပစ်ပစ်ပြီးဝင်လာတာပါ။ လက်နက် ကြီးရော လက်နက်ငယ်ရောပဲ” လို့ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
ညနေပိုင်းမှာလည်း သင်္ကန်းရွာမရောက်ခင် တံတားအနီးမှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲဒီပစ်ခတ်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အခုညနေ ၆ နာရီလောက်မှာတော့ စစ်ကောင်စီတပ်သားတွေ သင်္ကန်းတုံးရွာထဲကို ရောက်ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတယ်လို့ဒေသခံကဆိုပါတယ်။
“၇နာရီလောက်အထိလက်နက်ကြီးပစ်ခတ်သံတွေကြားနေရတုန်းပဲ။ အသံတိတ်သွားတာတောင် သိပ်မကြာသေးဘူး” လို့ဒေသခံအမျိုးသားတစ်ဦးက အခုည ၇နာရီခွဲလောက်မှာပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိနဲ့ ဝက်သေ၊ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းကျေးရွာတွေက ဒေသခံတွေနေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။