ထားဝယ်မြို့နယ်ထဲမှာ ရှိတဲ့ အရှေ့တောနယ်ကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းက လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၅ နာရီလောက်ကတည်းက ထားဝယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကား ၆ စီးပါယာဥ်တန်းဟာ ပကာရီရဲစခန်းကိုဝင်ရောက်လာပြီး အဲ့ဒီနေရာကတဆင့် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ခြေလျင်လျှောက်ပြီး လက်နက်ကြီးတွေပစ်ခတ်ကာ ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပြပါတယ်။
“လက်နက်ကြီးပစ်သံကြားတာ။ အချက်၂၀ လောက်ရှိပြီ အခုတော့ပစ်သံငြိမ်နေတယ်” လို့ဒေသခံအမျိုးသားက အခုမနက် ၉နာရီခွဲလောက်မှာ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အခုလက်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်က ပခပ်ကျေးရွာဘုန်းကြီးကျောင်းမှာရှိနေကြတယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း “ကားနဲ့လာချပြီးတော့ ကားတွေပြန်တက်သွားတယ်။ ဒီတော့ နယ်မြေရှင်းလင်းတဲ့ ပုံစံနဲ့ဝင်ရောက်လာတာ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်လာတာကြောင့် လမ်းတလျှောက်မှာရှိတဲ့ ဝက်သေ၊ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းကျေးရွာတွေကဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင် နေရပါတယ်။