စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံဖမ်းခေါ်သွားတဲ့ ထားဝယ် မြို့နယ်၊ အရှေ့တောနယ်ထဲက ဥယျာဥ် ခြံလုပ်ကိုင်သူ ငါးဦး ဒီကနေ့ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၆၀ လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ ဟိန္ဒားကျေးရွာအနီးကိုအခုလ ၁၉ ရက်နေ့က ရောက်လာခဲ့ပြီး ဥယျာဥ်ခြံတွေထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားငါးဦးကို လူသားဒိုင်းပုံစံ ဖမ်းဆီးသွားခဲ့တာပါ။
ဒီနေ့နေ့လယ်ပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ပကာရီရွာဘက်ကနေ ပြန် ထွက်လာချိန်မှာ ဖမ်းခေါ်သွားတဲ့ ငါးဦးကို ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံတစ်ဦးက ပြောတယ်။
သူတို့ငါးဦးကို ရွာဘက်ကိုလာတဲ့ ကားနဲ့ပြန် တင်ပေးလိုက်တာလို့လည်း ဒေသခံက သူကြားသိရတာကို ဆက်ပြန်ပြောပြပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်ပြီးနောက် ထားဝယ်မြို့ဘက်ကို ဦးတည်ပြီး တောလမ်းအတိုင်း သုံးရက်ကြာစစ်ကြောင်းထိုးခဲ့တာပါ။
လွန်ခဲ့တဲ့ ငါးရက်ကျော်လောက်က ကျောက်မဲတောင်ရွာကနေဖမ်းဆီးသွားတဲ့ အမျိုးသားနှစ်ဦးကိုတော့ အခုအချိန်ထိ ပြန်မလွှတ်သေးဘဲ စစ်ကြောင်းနဲ့အတူခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူကာကွယ်ရေးရဲဘော်တွေပြောတကတော့ ဒီနေ့နေ့လယ်ပိုင်းမှာ တောထဲက ပြန် ထွက်လာတဲ့ စစ်ကောင်စီအင်အားက ၁၅၀ ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။
“ဝင်ကြိုတဲ့အဖွဲ့ကတောထဲတနေရာမှာ စောင့်နေတယ်။ ပြီးတော့ ဟိုဘက်ကလာတဲ့ကောင်တွေနဲ့ပေါင်းပြီးထွက်လာကြတာ” လို့အရှေ့တောဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပကာရီရွာကနေ လမ်းအတိုင်း ခြေလျင်ပြန်ထွက်လာချိန် ၄ နာရီဝန်းကျင်လောက်မှာတော့ သဗျာကျေးရွာအနီးမှာပစ်ခတ်မှုဖြစ်ပွါးတာ ရှိတယ်လို့ ပြည်သူ့ကာကွယ် ရဲဘော်တွေပြောပြချက်အရ သိရပါတယ်။
အခုလ ၁၄ ရက်နေ့က ရေဖြူမြို့နယ်၊ ကျောက်ဆိပ်ကုန်းရွာကို စစ်ကောင်စီတပ်ကဝင်ရောက်မွှေနှောက်ပြီးနောက် ဖမ်းဆီးသွားတဲ့ ကိုအေးရှားဆိုသူလည်း ခြောက်ရက်အကြာ အခုလ ၂၀ ရက်နေ့မှာပြန်လွတ်လာပါတယ်။
စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းအတွင်းမှာစစ်ကြောင်းထိုးတဲ့အချိန်တိုင်း လမ်းတလျှောက်မှာရှိတဲ့ ဒေသခံတွေကို လူသားဒိုင်းပုံစံဖမ်းဆီးတာတွေကို လုပ်ဆောင်နေပါတယ်။