ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးတပ်တွေက ဒီနေ့တရက်တည်းမှာတင် သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
အင်အား ၁၅၀ လောက်ပါတဲ့စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ သင်္ကန်းတုံးရွာအနီးက ဒေသအခေါ် ထီသစ်ဆိုတဲ့နေရာတဝိုက်မှာ ပထမအကြိမ်တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဆက်ထိုးတဲ့အချိန် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်လောက်မှာ ဝကုန်းကျေးရွာက ရေကန်ငယ်ဆိုတဲ့နေရာမှာ ထပ်မံတိုက်ခိုက်ခံရပြီး ညနေ ၃ နာရီဝန်းကျင်လောက်မှာတော့ ဝကုန်းရွာဘောလုံးကွင်းမရောက်ခင်မှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေထံက သိရပါတယ်။
“တိုက်ပွဲက ခဏလောက်ပဲကြာတယ်။ သင်္ကန်းတုံးနဲ့ ဝကုန်းကြားမှာ တောက်လျှောက်ဖြစ်တာပါ” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုနဲ့ ဘယ်အဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေကိုတော့ ဒီနေ့ညနေ ၅ နာရီလောက်အထိ ဆက်တိုက်ကြားနေရတယ်လို့ ဝကုန်းရွာအနီးအနားမှာရှိနေတဲ့ ဒေသခံကတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသခံအမျိုးသားနှစ်ဦးကိုလည်း ဒီနေ့ညနေပိုင်းမှာ စစ်ကြောင်းနဲ့အတူဖမ်းဆီးထားသလို မွန်းလွဲပိုင်းမှာလည်း ဝကုန်းရွာအနီး ဥယျာဥ်ခြံထဲက တဲတစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ဝကုန်းရွာထဲမှာ ရှိနေပြီး ညအိပ်တပ်စွဲနိုင်ခြေရှိတယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။
သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကိုစစ်ကြောင်းထိုးနေတဲ့ အင်အားတစ်ရာကျော်ပါစစ်ကောင်စီစစ်ကြောင်းကတော့ သဲချောင်းကြီးရဲစခန်းကို ဒီနေ့မှာ ပြန်ရောက်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လောင်းလုံးမြို့ပေါ်မှာလည်း ဒီနေ့မနက်စောစောပိုင်းကစလို့ မွန်းလွဲပိုင်းအထိ ၇ နာရီကျော်ကြာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။