ထားဝယ်မြို့နယ်ထဲက အရှေ့တောဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကနေ လူသားဒိုင်းပုံစံဖမ်းဆီးသွားသူအရေအတွက်က လေးရက်အတွင်းမှာ အယောက် ၂၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်း ပကာရီရွာထဲကို အခုလ ၂၅ ရက်နေ့ မနက်စောစောကတည်းက ကားတွေနဲ့ရောက်လာပြီး အဲဒီကတဆင့်တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းဝင်နေတာပါ။
အဲဒီစစ်ကြောင်းစဝင်တဲ့ရက်မှာပဲ ဥယျာဥ်ခြံတွေထဲမှာ အလုပ်လုပ်နေကြတဲ့ ပကာရီရွာသား ၃ ဦးနဲ့ ပခပ်ရွာသား ၃ ဦးကို စစ်ကြောင်းနဲ့အတူစတင် ဖမ်းခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။
အဲဒီနောက် ဝကုန်းချောင်းဖျားရွာတဝိုက်မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကိုမနေ့က ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်ကြောင်းက အခုနောက်ပိုင်း တောလမ်းအတိုင်းပဲဝင်တာ။ အဲ့တော့ ခြံလုပ်တဲ့သူတွေအဓိကခေါ်သွားခံရတာ။ သူတို့ ဘယ်နေရာရောက်နေလဲဆိုတာလည်း ပေါ်လာမှသိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒီနေ့မွန်းတည့်ချိန်လောက်မှာလည်း သစ်ခက်ချောင်းရွာခံ ၁၀ ဦးလောက်ကို စစ်ကြောင်းက ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်ကြောင်းစဝင်ကတည်းက ဖမ်းဆီးခေါ် ဆောင်ခံရသူတွေဟာ ဒီကနေ့ နေ့လည်ပိုင်းအထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကျောက်မဲတောင်ကို အင်အားထပ်ဖြည့်ဖို့ လာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
“စစ်ကြောင်းက လက်နက်ရိက္ခာအပြည့်အစုံံကို ခြင်းတွေနဲ့ ထမ်းပြီးလာတာလို့ သတင်းရတယ်” လို့ ထားဝယ်မြို့နယ် (ပကဖ) ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုရောင်နီက ပြောပါတယ်။
ကျောက်မဲတောင်နယ်မြေရဲစခန်းကိုတော့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အခုလ ၂၃ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းပိုင်နိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။
ထားဝယ်က အရှေ့တောဒေသကို စစ်ကောင်စီစစ်ကြောင်းတွေမကြာခဏဝင်လေ့ရှိပြီး လမ်းတလျှောက်ကဒေသခံတွေကိုဖမ်းဆီးလေ့ရှိတာမို့ နီးစပ်ရာကို ဒေသခံတွေ မကြာခဏထွက်ပြေးတိမ်းရှောင်ရလေ့ ရှိပါတယ်။