ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးက တွေ့ဆုံပြီး အခွန်ဆောင်ဖို့နဲ့ ပြည်တွင်းဆီလစာပြန်လွှဲပေးကြဖို့ စည်းရုံးခဲ့တယ်လို့သိရပါတယ်။
အလုပ်သမားအရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ စစ်ကောင်စီဝန်ကြီးဟာ မြန်မာလုပ်သားတွေ ရှိရာစက်ရုံ၊အလုပ်ရုံတွေဆီသွားရောက်ပြီး လိုက်လံစည်းရုံးခဲ့တာပါ။
စစ်ကောင်စီရဲ့ ဒီနေ့သတင်းထုတ်ပြန်ချက်အရ ဆူရတ်ဌာနီမြို့မှာရှိတဲ့ ပင်လယ်စာစက်ရုံကို သွားပြီး မြန်မာလုပ်သားတွေကိုတွေ့ဆုံကာ ပြည်တွင်းကို တရားဝင်ဘဏ်လမ်းကြောင်းကနေ ငွေလွှဲဖို့ ၊ အခွန် ဆောင်ကြဖို့ စည်းရုံးခဲ့တယ်လို့သိရပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ အခွန် ၂ ရာခိုင်နှုန်း ဆောင်ဖို့ ၊ ရတဲ့လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြန်ပို့ဖို့အတွက် အသိပေးခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာဆိုထားပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဟာ မြန်မာလုပ်သားအများအပြား ရှိရာ မဟာချိုင်ကို လည်းသွားရောက်ခဲ့တယ်လို့ သိရပါတယ်။
မဟာချိုင်ခရီးစဉ်အတွင်း ထိုင်း အာဏာပိုင်တွေနဲ့တွေ့ဆုံရာမှာ မြန်မာလုပ်သားတွေ လစာကို ပြည်တွင်င်း ပြန်ပို့စေဖို့အတွက် ထိုင်းအလုပ်ရှင်တွေနဲ့ ထိုင်းအလုပ်သမားဌာနတွေထံ အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြုံနေရတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားရေးဝင်ငွေရရှိမှု လျော့ပါးလာချိန်မှာ ပြည်ပရောက် မြန်မာ လုပ်သားတွေရဲ့ လစာဝင်ငွေ တွေ ပြည်တွင်းကို စီးဝင်လာစေဖို့ လုပ်ဆောင်နေပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ လစာအပေါ် ၂ ရာခိုင်နှုန်း နှုန်းထား အခွန်ကောက်တာ ၊ လစာငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းကို ပြန်ပို့စေဖို့ ဖိအားပေးနေတာပါ။
ဒါအပြင် ငွေလဲနှုန်းကို သတ်မှတ်ထိန်းချုပ်ထားရာကနေ ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းဝယ်ကြဖို့ စစ်ကောင်စီဗဟိုဘဏ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
အခုလို ငွေလွှဲနှုန်း ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချကြဖို့ပြင်ဆင်ပေးလိုက်တဲ့အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့လစာဝင်ငွေတွေ ပြည်တွင်း ကို ပိုဝင်လာလိမ့်မယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။