မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ထိုင်း − မြန်မာ နယ်စပ်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ဖို့ ထိုင်းအစိုးရ ဟာ အထူးကော်မတီတစ်ရပ်ကိုဖွဲ့စည်းလိုက်ပါတယ်။
ဧပြီလ ၂၃ ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ကော်မတီ ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး က တာဝန်ယူသွားမှာပါ။
မြန်မာဘက်က ပဋိပက္ခဟာ ပိုမိုပြင်းထန်လာပြီး ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားကဏ္ဍတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့ မြန်မာဘက်က ပဋိပက္ခတွေကို စောင့်ကြည့် အကဲဖြတ်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီတို့ကို အကြုံပြုရမှာပါ။
ထိုင်းအစိုးရဟာ မြဝတီဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေတွေကိုအနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။
မြဝတီမှာ စစ်ရေးတင်းမာနေချိန်နဲ့ တိုက်ပွဲတွေဖြစ်ပြီးနောက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မဲဆောက်ကို ၂ ခေါက်ထက်မနည်းလာရောက်ခဲ့ပြီးနယ်စပ်ကို ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။
မြဝတီဟာ ထိုင်းနဲ့အဓိက ကုန်သွယ်ရာ မြို့ဖြစ်ပြီး တိုက်ပွဲတွေဟာ ကုန်သွယ်ရေးမှာ အဓိက အသုံးပြုတဲ့ ထိုင်း − မြန်မာ အမှတ် (၂)တံတားမှာ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကုန်သွယ်ရေး ရပ်ဆိုင်းသွားပြီး ထိုင်းဘက်ခြမ်းမှာ မြန်မာဘက်ဆီ တင်ပို့မယ့် ကုန်ကားတွေ အများအပြားပိတ်မိနေခဲ့ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ခိုလှုံရာ အမှတ် (၂) တံတားတဝိုက်မှာ ဧပြီလ ၁၉ ရက်ညနေပိုင်းကစတင်ပြီး တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီလေတပ်က လည်းအပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီလ ၂၁ ရက်နေ့မှာတော့ KNU နဲ့ ပူးပေါင်းတပ်တွေ မြဝတီမြို့ကနေ ဆုတ်ခွာသွားခဲ့ပြီးနောက် လက်ရှိမှာ တော့တိုက်ပွဲတွေငြိမ်သက်နေပါတယ်။
မြဝတီမှာ တိုက်ပွဲတွေဖြစ်နေချိန် ထိုင်းစစ်တပ်ဟာ လုံခြုံရေးအတွက် နယ်စပ်တလျောက် တပ်ဖြန့်ထားခဲ့သလို မြန်မာဘက်ခြမ်းက ဒေသခံ ထောင်ကျော်ဟာ ထိုင်းဘက်ကို စစ်ရှောင်ခဲ့ကြရပါတယ်။