စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်တို့မှ စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ၊ မသန်မစွမ်းများနှင့် (၂)နှစ်အောက်ကလေးငယ်များအား မြို့နယ်လူသားစာနာတာဝန်ခံနှင့်အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်တာဝန်ခံတို့က သွားရောက်တွေ့ဆုံပြီး လိုအပ်သည့် ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏လမ်းညွှန်မှု၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် အောက်တိုဘာ ၄ရက်တွင် မြေပြင်ကွင်းဆင်းကာ ပံ့ပိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ မည်သည့် အကူအညီများ ပေးအပ်ခဲ့သည်ဆိုသည့် အချက်အလက်များ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။
ထို့ပြင် မြို့နယ်တွင်းရှိကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်စဉ် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ မိုင်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးစာစောင်များဖြန့်ဝေခြင်း၊ ကျောင်းသား၊သူများအား စာရေးကိရိယာများပေးအပ်ခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်အတွင်း ဆောင်ရန်၊ရှောင်ရန်များနှင့် ပတ်သက်ပြီးအသိပညာ ပေးဟောပြောခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
ထီးချိုင့်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များကို စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်ရောက်ပြီး ကျေးရွာများအား မီးရှို့ခြင်း၊ ပြည်သူလူထုများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ရာ ဒေသခံများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။