တိုက်ပွဲပြင်းထန်နေသည် ထီးချိုင့်မြို့၌ ယနေ့ ညနေ ၃နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထီးချိုင့်မြို့ (၅)ရပ်ကွက်ရှိ သုသာန်အနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။
“အခု လေကြောင်းတိုက်တဲ့နေရာက မြို့ပေါ်ရပ်ကွက်ထဲပါတယ်။ ရပ်ကွက် သုသာန်နဲ့ ကြက်သွန်ခင်းရွာကြား။ ဘာတွေ ထိခိုက်လဲတော့ မသိရသေးဘူး။ နှစ်ကြိမ်လာကြဲတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
‘၁၀၂၇ စစ်ဆင်ရေး’သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာမက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။