မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်နှင့် မွန်းလွဲ ၃ နာရီခန့်တွင် အထက်ကျော်ရွာ မြောက်ဘက် ဂိတ်တဲအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် MI-35 ဖြင့် ၁ ကြိမ်လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂိတ်အနီးတွင်ရပ်ထားသောကား ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ ပြည်သူတွေ ထိခိုက်တာလည်း မရှိဘူး။ ကား ၁ စီးတော့ ပျက်စီးသွားတယ်လို့ ကြားသိရတယ်။ ပထမ အကြိမ်က ၁ နာရီဝန်းကျင်လောက် MI-35 ဝဲပြီး ပစ်တာ ဒုတိယ အကြိမ် ကတာ့ ၃ နာရီဝန်းကျင် လာတယ်” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။