ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ အကြမ်းဖက် စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်း သာခွင့် က တရားမျှတမှုမရှိဘူးလို့ဆိုကာ ဦးဆောင်ဆန္ဒပြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ကျဥ်းတွေအပါအဝင် ၁၃ဦးကို ထပ်တိုးအမိန့်ချပြီးတိုက်ပိတ်ထားတယ်လို့ PPNM က ဒီမနက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းနှစ်ရက်နေ့ ဧပြီ ၁၈ ရက်၊ ညနေ ၄နာရီမှာ မြစ်ကြီးနားအကျဉ်းထောင် အဆောင် (၆) နဲ့ (၇) က နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားအချို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တန်းတူမရှိတဲ့အပေါ် တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုပါတယ်။
အဲဒီဆန္ဒပြမှုဖြစ်စဉ်ကို ရပ်တန့်တားဆီးဖို့ အကျဉ်းထောင်ရဲ့ ဗဟိုကင်းက G-3သေနတ်နဲ့ ပစ်ခတ် ခဲ့ပြီး၊ အုတ်ရိုးမျှော်စင်အမှတ် (၃)နဲ့(၄)က ကာဘိုင်သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ် လို့ ဆိုပါတယ်။
အဲ့လိုပစ်ခတ်မှုကို အဓိက အမိန့်ပေးစေခိုင်းသူမှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ညွှန်ကြားရေးမှူးကျော်စိုးဖြစ်ပြီး သေနတ်နဲ့ ပစ်တဲ့သူတွေထဲမှာ တပ်သားဇော်ဇော်မိုးတို့ပါဝင်ခဲ့ တယ်လို့ PPNM က ဖော်ထုတ်ပြောကြားထားပါတယ်။
ထောင်တွင်းအကြမ်းဖက်ဖြိုခွင်းပြီး ၁၁ရက်အကြာ ဧပြီလ (၂၉)ရက်နေ့မှာတော့ ထောင်တွင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ကျဥ်းတွေအပါအဝင် အကျဉ်းသား(၁၃)ဦးကို ထောင်ပြင်ပ မြို့နယ်တရားရုံးကို လူမသိသူမသိခေါ်ထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)၊၆၆(ဃ) တို့နဲ့ ထောင်ဒဏ် ၃နှစ်၆ အမိန့်ချပြီးထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ်များချမှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့လိုအမိန့်ချသူတွေထဲ ပုဒ်မ ၁၉(က)နဲ့ ၁၉(င)တို့နဲ့ ထောင်ဒဏ် ၅နှစ်၃လ အမိန့်ချမှတ်ခြင်းခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်းနဲ့ ပုဒ်မ၅၂(က)နဲ့ ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းခံထားရတဲ့ ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့ အပြင် အခြားအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဧပြီလ(၁၈)ရက်နေ့ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသားတွေ သေဆုံးခဲ့ရမှု အတွင်း တာဝန်ရှိသူများအဖြစ် ထောင်ပိုင်ကြီး-ဦးကျော်မြင့်စိန် (က-၃၅၀၀)နဲ့ ထောင်ပိုင်လေး ဦးကျော်မင်းဦး (က-၃၉၁၁)တို့ ဖြစ်တယ်ဆိုတာနဲ့ ၎င်းတို့နှစ်ဦးက ပစ်ခတ်မှုကို အမိန့်ပေးစေခိုင်းသူ တွေဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေး ထုတ်ပြန်ထားပါတယ်။