ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၈) ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေနတ် အချက်၂၀ ကျော် ပစ်ခတ်ခံရလို့ နေရာမှာ သေဆုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီခန့် (၈၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ)ဇော်လွင်နဲ့ တပည့်ဖြစ်သူ ရာအိမ်မှူးတို့ နေအိမ် ကနေ ကြက်တိုက်ဖို့ ထွက်လာစဉ် ဒီကနေ့ မနက် ၁၀ နာရီကျော်က ပစ်ခတ်ခံလိုက် ရတာလို့ ဆိုပါတယ်။
“သူက တတိယမြောက် ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးပါ။ သူရှေ့မှာလည်း ၂ ကောင်သေပြီး သွားပြီ။ အဲ့ ၂ ကောင် အသတ်ခံရတုန်းကလည်း သူလည်း ထွက်ပြေးတာမြန်လို့ မသေဘဲ အုပ်ကြီးရာထူး ရသွားတာ။ ခုတော့ သက်တမ်းလေးတောင် တစ်နှစ် မပြည့်လိုက်ဘူး သေပြီ။ ဒီဘက်ရပ်ကွက်တွေကတော့ စစ်တပ်က ခန့်တဲ့ကောင်တွေပဲ အုပ်ကြီး ဖြစ်ဦးမှာပါ” လို့ သူကပြောပါတယ်။
သေဆုံးသူ တောက်တဲ့ ဟာ (၈၈) ရပ်ကွက် တတိယမြောက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ပထမ အုပ်ချုပ်ရေးမှူး ခင်ဦးနဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး သိန်းဇော် တို့ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးနောက် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)၊ (၉၀) နဲ့ (၉၁) ရပ်ကွက်တွေမှာ သေဆုံးသူ တောက်တဲ့ ရဲ့ တပည့်တွေ ငှက်ကြီးတောင်ဓားများ လွယ်ကာ ဆိုင်ကယ်နဲ့ပတ် သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရတနာလမ်းနဲ့ ကွမ်အပ်မင်းသား လမ်းထောင့်မှာ စစ်ကား တစ်စီး အင်အား ၆ ယောက် အသင့်အနေအထား ရှိနေပြီး ကုလားဝဲ တံတား အဆင်း၊ ပဲခူးမြစ်လမ်းပေါ်၊ စစ်တောင်းရိပ်မွန်ထဲဝင်တဲ့ အပေါက်မှာ စစ်သား တစ်ယောက်နဲ့ အရပ်ဝတ် ဝတ်ဆင်ထားသူတွေ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။