ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လ၀ကရုံးအတွင်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုမှာ အသံအလွန်ကျယ်လောင်ပြီး လ၀ကရုံးအနီးရှိ နေအိမ်များပါ တုန်သွားကြောင်း၊ ယင်းနောက် စစ်ကား ၃ စီး မိနစ်အပိုင်းအတွင်း ရောက်ရှိလာပြီး လ၀ကရုံးပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“တောင်ဒဂုံ လ၀ကရုံးမှာ အခုမနက် ၁၂ ခွဲလောက်မှာ ဗုံးပေါက်တယ်။ ရုံးထဲက ပေါက်တာ။ အဲဒါ ၈ မိနစ်လောက်ကြာတော့ စစ်ကား၃စီး အပြင်းမောင်းပြီး ရုံးထဲဝင်သွားတယ်။ စစ်သားတချို့ ထိခိုက်မှုရှိနိုင်တယ်ထင်တယ်။ စစ်ကားတွေ ချက်ချင်း ရောက်လာတာ ၃ စီးတောင်။ အခု အဲဒီရုံးနားမှာ ပိတ်ဆို့ပြီး ရှာနေကြတယ်။ ဗုံးကွဲတော့ လ၀ကရုံးနားက အိမ်တွေပါ တုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက အခြေအနေကို ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်လာရောက်ပြီး သန်လျင်တံတားသစ် တည်ဆောက်မှု လုပ်ငန်းခွင်ကို စစ်ဆေးခြင်း၊ စစ်ဆေးတက္ကသိုလ် သင်တန်းဆင်းပွဲ တက်ရောက်ရန် ရှိနေခြင်းများကို လုံခြုံရေး အခြေအနေအရ အချိန်နှင့်ရက်များ ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။