မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာက ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပခုက္ကူကိုလိုက်ပို့နေတဲ့ အင်အား ၈၀ ကျော်ပါ ခလရ ၂၅၁ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းကစပြီး ညနေပိုင်းအထိ တွင်းမရွာကနေ ညောင်ဂျစ်ပင်လမ်းတလျှောက်သွားနေတဲ့ အဲဒီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မနက် ၅ နာရီကနေ ညနေ ၄ နာရီ ၄၀ မိနစ်အထိချခဲ့တာ။ ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံးချခဲ့တာ၊ ကျနော်တို့ကြားတာက ၄ ယောက်သေတယ်၊ ၃ ယောက်ဒဏ်ရာရတယ်။” လို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။