စစ်ကောင်စီတပ် အထိုင်ချရာ နေရာတွေ၊ အစိုးရရုံးတွေကို တော်လှန်ရေး အင်အားစုတွေဘက်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှု၊ မိုင်းဆွဲ တိုက်ခိုက်မှုတွေကို သွားရောက် စစ်ဆေးရာမှာ လူစုလူဝေးနဲ့ အရာရှိတွေ ၀ိုင်းအုံ မစစ်ဆေးကြဖို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းက သတိပေး လိုက်ပါတယ်။
ဒုစစ်ခေါင်းဆောင်စိုး၀င်းရဲ့ တိုက်ရိုက် အမိန့်နဲ့ နိုင်ငံတစ်၀န်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အသီးသီးကို စက်တင်ဘာ ၂၀ ရက်စွဲနဲ့ လျှို့၀ှက်စာတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။
အဆိုပါ လျှို့၀ှက်စာမှာ ဇွန်လ ၂၉ ရက် ဘီးလင်းမြို့နယ် ကျုံအိတ်တံတား မိုင်းဆွဲခံရမှုနဲ့ စက်တင်ဘာ ၃ ရက် မြ၀တီမြို့ပေါ်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရမှုတွေကို လာရောက် စစ်ဆေးတဲ့ စစ်ဘက်၊ ရဲဘက် အရာရှိတွေ ဒရုန်းနဲ့ ဗုံးထပ်ကြဲခံရလို့ သေဆုံးခဲ့ရတဲ့အပေါ် ဥပမာပေးပြီး သတိပေး ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ညနေပိုင်းက ဘီးလင်းမြို့နယ်အစပ်က ကျုံအိတ်တံတားကို တော်လှန်ရေး ပူးပေါင်းတပ်တွေ မိုင်းဆွဲ တိုက်ခိုက်မှုကို လာရောက် စစ်ဆေးတဲ့ လမ်းတံတား အရာရှိတွေကို ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲခဲ့လို့ ခရိုင်လမ်းဦးစီး အရာရှိ ဦးဇော်မင်း အပါအ၀င် အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဥ်ကို ဒုစစ်ခေါင်းဆောင် စိုး၀င်းက ခရိုင်အသီးသီးက တာ၀န်ရှိသူတွေကို ချပြသတိပေးထားပေမဲ့ စက်တင်ဘာလ ၃ ရက်က ကရင်ပြည်နယ်၊ မြ၀တီခရိုင် ရဲတပ်ဖွဲ့ရုံးကို ပထမအကြိမ် ဒရုန်းနဲ့ ဗုံးကြဲမှုကို လာရောက် စစ်ဆေးတဲ့ စစ်ဘက်၊ အရပ်ဘက် အရာရှိတွေ စုပြုံနေချိန် ဒုတိယအကြိမ် ဒရုန်းနဲ့ ဗုံးသီးထပ်ချခဲ့လို့ မြ၀တီမြို့ အုပ်ချုပ်ရေးမှူး၊ ခလရ (၂၅၇) က ယာယီတပ်ရင်းမှူး အပါအဝင် လူ ၆ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ် ရခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေကို ဥပမာယူပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲမှု၊ မိုင်းဆွဲမှု စတဲ့ ဖြစ်စဥ်တွေကို သွားရောက် စစ်ဆေးရာမှာ အထူးသဖြင့် ရာထူးကြီးသူများ စုပြုံ စစ်ဆေးခြင်းတွေ လုံး၀ မပြုလုပ်ကြဖို့ စစ်ကောင်စီ ဒုက္ကဌဖြစ်သူ စိုး၀င်း က စိုးရိမ်တကြီး သတိပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်တာတွေဟာ ထိရောက်မှုရှိလို့ လေကြောင်းကို အားကိုးနေတဲ့ စစ်ကောင်စီတပ်ကို စိုးရိမ်ထိန့်လန့်စေတာကြောင့် အခုလို ဒုစစ်ခေါင်းဆောင် ကိုယ်တိုင် စိုးရိမ်တကြီး ဖြစ်နေရတာလို့ ကရင်နီ ဒရုန်းတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက မှတ်ချက်ပြု ပြောဆို ထားပါတယ်။
ကရင်နီပြည်နယ်အတွင်း ဒရုန်းတပ်ဖွဲ့တွေဟာ မြေပြင်တပ်ရင်းတွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်နေတာဖြစ်ပြီး ၄၀ မမ၊ ၆၀ မမ ဗုံးသီးတွေနဲ့ လက်လုပ်ဗုံးသီး ၃၀၀ လုံးခန့် အသုံးပြုခဲ့ပြီး ခန့်မှန်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။