ဆင်ဟိုင်း (၇) သင်္ဘောဟာ ရန်ကုန်၊ ဒလသင်္ဘောကျင်းမှ မုံရွာသို့ လက်နက် ရိက္ခာ အပြည့်နဲ့ ဒီကနေ့ မနက်ပိုင်းက ထွက်ခွာသွားတယ်လို့ အဆိုပါ ဒလသင်္ဘောကျင်း အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၂၉ ရက်၊ မနက် ၉ နာရီခွဲကျော်က ဆင်ဟိုင်း (၇) သင်္ဘော လက်နက်များ အပါအဝင် ရိက္ခာ အပြည့်နဲ့ မုံရွာဘက် ထွက်ခွာသွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“အခုလို သတင်းပေးတာက မြစ်ကြောင်းကနေ စောင့်ကြို တိုက်ခိုက်နေတဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ သိအောင်လို့ ပြောတာပါ” လို့ သူကပြောပါတယ်။
အလားတူ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စစ်သင်္ဘော ၉ စင်း ဇူလိုင်လ ၂၆ ရက်နေ့၊ မနက်ပိုင်းက အထက်ကို ဆန်တက်လာပြီး ဗန်းမော် အထိ ဆန်တက်နိုင်တဲ့အတွက် မြစ်ကမ်းဘေး နေထိုင်တဲ့ ပြည်သူများ ကြိုတင် ရှောင်ရှားကြဖို့ Wetlet Information Network မှ သတိပေး ထုတ်ပြန်ထားပါတယ်။
မန္တလေးမှ လက်နက်၊ ရိက္ခာတွေ တင်ဆောင်ပြီး ဗန်းမော်ဘက် သွားတဲ့ စစ်သင်္ဘော ၉ စီးကို ဇူလိုင် ၂၇ ရက် နေ့လယ် ၁ နာရီကျော်မှာ PDF ပူးပေါင်းအဖွဲ့တွေက ကျောက်မြောင်းမြို့ အထက်နားမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော တစ်စီး နစ်မြုပ်ပြီး ၂ စီး ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။