ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် KTV သို့သွားရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Daik-U Defence Force (DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဒိုက်ဦးမြို့နယ်၊ နှင်းဝိကျေးရွာမှ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် နိုင်ဝင်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် KTV ကို သွားရန် ကားဖြင့် ထွက်ခွာလာစဉ် လူထု မေတ္တာတံတားအနီး ပေ ၁၅၀ ခန့်အကွာတွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီး ခေါင်းဆောင် နိုင်ဝင်း စီးနင်လာသော Honda Fit အနီရောင်ကားသည် ချောက်ထဲ ထိုးကျသွားပြီး ကားမှာ လုံးဝ ပျက်စီးသွားကြောင်း၊ ကားပေါ်လိုက်ပါလာသည့် ပျူစောထီး ခေါင်းဆောင် နိုင်ဝင်း၊ ၎င်း၏ သားဖြစ်သူနှင့် ညောင်လေးပင် ခမရ ၂၀ မှ စစ်သား ၁ ဦး တို့ ပြင်းထန် ဒဏ်ရာရရှိပြီး ဒိုက်ဦးဆေးရုံကို ရောက်ရှိနေကြောင်း သိရှိရသည်။
ပျူစောထီး ခေါင်းဆောင် နိုင်ဝင်းဆိုသူသည် ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အန်စာ ကစားဝိုင်းစသည့် လောင်းကစားမျိုးစုံထောင်ကာ စစ်ကောင်စီကို ကျည်ဖိုးရှာဖွေပေးနေသူ တစ်ဦးဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများအပေါ်တွင် အနိုင်ကျင့် ဗိုလ်ကျကာ လယ်ယာခွန်များ အဆမတန်ကောက်ခံခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ အပေါ် စစ်ကောင်စီ အလိုကျ စစ်မှုမထမ်းမနေရဟုဆိုကာ တပ်သားများ အတင်းအကြပ်စုဆောင်းကာ ပျုသင်တန်းများပေးခြင်း၊ စစ်ရှောင်ပြည်သူများ၏ နေအိမ်များမှ ရွှေငွေ ပစ္စည်း ဥစ္စာများကို ခိုးယူခြင်း၊ လက်နက်များ ကိုင်ဆောင်ကာ ဆက်ကြေးများ အနိုင်ကျင့်ကောက်ခံခြင်း စသည့် ပြစ်မှုများ ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။
“ပျူခေါင်းဆောင် နိုင်ဝင်း အပါအဝင် ၃ ကောင်တော့ ပြင်းထန် ဒဏ်ရာတွေနဲ့ ဆေးရုံပေါ် ရောက်နေတယ်။ သူတို့ကားနောက်က သူ့သား ၂ ကောင်က ဆိုင်ကယ်နဲ့ လိုက်လာပြီး AKနဲ့ ခြောက်ချက်လောက်ပြန်ပစ်လို့ ကျန်တော်တို့ ပြန်လည် ဆုတ်ခွာလိုက်ရတယ်” ဟု Daik-U Defence Force (DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Daik-U Defence Force(DDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ အလိုကျ လုပ်ဆောင်ပေးလျက်ရှိကြသော အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊ စစ်သားများနှင့် ရဲများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Daik-U Defence Force(DDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။