စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ငဝဲတောရွာ၌ ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရှော်ဖြူရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ စိုးရိမ်ရွာကိုထပ်မံ ဝင်ရောက်စီးနင်းပြီး လက်ရှိချိန်တွင် စစ်ကြောင်းသည် အောင်သာရွာကို ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးနေသော ကျေးရွာများသည် ဒီပဲယင်းနယ်နှင့် ရေဦးနယ် အစပ်ရှိ ကျေးရွာများဖြစ်ပြီး လက်ရှိချိန်တွင် မစိုးရိမ်၊ အောင်သာ၊ မူးဆုံ၊ မုတ်စီ၊ ငြုတ္တုံ၊ ရွာမိဿာ၊ ပျော်ဘွယ်၊ ရွာရှည်၊ အောင်ချမ်းသာနှင့် မဲအိုးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က ဒီပဲယင်း အနောက်ခြမ်း ငဝဲတောရွာမှာ တစ်ညအိပ်ခဲ့ကြတဲ့ ခွေးတွေက အခုမနက် ရေဦးနယ် အနောက်ခြမ်း ရှော်ဖြူရွာဘက်ကို နောက်ကြောင်း ပြန်လှည့်လာတယ်။ ရှော်ဖြူရွာကနေတဆင့် မစိုးရိမ်ရွာကိုပြန်ဝင်တယ်။ အခု မစိုးရိမ်ရွာကနေ အောင်သာရွာကိုထပ်ဝင်နေတယ်”ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
မစိုးရိမ်ရွာသည် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးတိုင်း ဝင်ရောက်လေ့ရှိသော ကျေးရွာဖြစ်သောကြောင့် ကျေးရွာနေ ပြည်သူများ ရွာထဲ၌ နေထိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေသည်မှာ ၂ လ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။