စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ ပျော်ဘွယ်ရွာမှာ အကြမ်းဖက်စစ်တပ် ထောင်ထားခဲ့တဲ့ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ အသက် ၄၀ အရွယ် ပြည်သူတစ်ဦး ဒီနေ့မနက်မှာ ကွယ်လွန် သွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ပျော်ဘွယ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပြန်အထွက်မှာ ကျေးရွာအတွင်း မိုင်းတွေထောင်ထားခဲ့တာပါ။ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကြောင်းပြန်ထွက်ချိန်မှာ မီးရှို့ခံထားရတဲ့ နေအိမ်တွေကို ဒေသခံပြည်သူတွေက မနေ့ ညက ဝင်ရောက်ရှင်းလင်းခဲ့ကြပါတယ်။ အဲဒီလိုရှင်းလင်းနေစဉ်မှာ အကြမ်းဖက်စစ်တပ်က ထောင် ထားတဲ့ မိုင်းတွေပေါက်ကွဲခဲ့သလို မိုင်းပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်ကြောင်းက ၆၀ မမ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ ပြည်သူ ၉ ဦး ဒဏ်ရာရှိခဲ့တာဖြစ်ပြီး အဲဒီအထဲက တစ်ဦးက ဒီနေ့မနက်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအကြမ်းဖက်စစ်ကြောင်းက ရေဦးမြို့ကနေ ဒီပဲယင်းမြို့နယ်အထိကို ခြေကျင်ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီးတော့ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က ကျေးရွာတွေကို ဝင်ရောက်စီး နင်းတာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားတဲ့ စာရင်းတွေ အရ စစ်ကိုင်းတိုင်းအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်က ၈ သိန်းကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။