မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိတ်သုဉ်းမှု၊ ဖိနှိပ်မှု ကြုံတွေ့နေရချိန်၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာစေရန် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးသည့် အရှေ့တီမောနိုင်ငံ၏ သမ္မတ၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တခုလုံးနှင့် အရှေ့တီမောပြည်သူများကို မမေ့မလျော့ အမြဲတမ်း သတိရနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့ ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
“စစ်ကောင်စီဟာ သူတို့ကြုံတွေ့နေရတဲ့ အဘက် ဘက်က အရေးနိမ့်မှုတွေကို ကြောင်းကျိုးဆင်ခြင်မှု မဲ့စွာ ပြန်လည်တုံ့ပြန်နေရပါပြီ။ အရှေ့တီမော သံအမတ်နဲ့ မိသားစုတွေကို နှင်ထုတ်တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီအတွက် အရှက်ရစေပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ နှင်ထုတ်ခံရသည့် အရှေ့တီမော သံအမတ်နှင့် မိသားစုများတွက် စိတ်မကောင်းဖြစ်မိကြောင်း အလေးထားပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများအပေါ် အရှေ့တီမောနိုင်ငံ၏ ရပ်တည်မှုသည် လေးစား စံနမူနာယူဖွယ်ရာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းကို ယုံကြည်စွာရပ်တည်ပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတခုဖြစ်တယ်ဆိုတာကို သက်သေပြရမှာဖြစ်ပါတယ်။” ဟုလည်း ယာယီသမ္မတက ပြောကြားသည်။
နွေဦးတော်လှန်ရေး အရှိန်ရလာတာနှင့် အမျှ နိုင်ငံတကာ၏ အခန်းကဏ္ဍကလည်း အရေးပါသည့် အခြေအနေရောက်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“ အထူးသဖြင့် အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ဘဏ္ဍာရေး၊ လောင်စာဆီကဏ္ဍတွေနဲ့ ပတ်သတ်ပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေဟာ ရန်သူစစ်ကောင်စီအတွက် အထိနာ အကျပ်အတည်းဆိုက်တဲ့ အခြေအနေကို သိသာထင်ရှားစွာ ရောက်ရှိနေပါပြီ”ဟု ယာယီသမ္မတက ပြောသည်။
နိုင်ငံတကာအရေးအယူပိတ်ဆို့မှုများသည် ပြည်သူလူထု၏ စီးပွားရေးနှင့် နေ့စဉ်လူမှုဘ၀ကို အနည်းနှင့် အများ ရိုက်ခတ်မှုရှိနိုင်သော်လည်း ယင်းသည် စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ မြန်မာပြည်သူ လူထုအပေါ် ကျူးလွန် ဖိနှိပ်နေသော လုပ်ရပ်များနှင့် ယှဉ်ပါက မလွဲမသွေ ကျော်ဖြတ်ရမည့် တော်လှန်ရေး အခက်အခဲတစ်ခုမျှသာ ဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောသည်။