ကရင်နီပြည်နယ်၊ ဒီမော့ဆို မြို့နယ်အနောက်ခြမ်း တနေရမှာ ကုရ်ဘာနီအီးဒ်နေ့ကို မနေ့က မနက်ပိုင်းအချိန်မှာ ပြုလုပ်ခဲ့ပြီး၊ အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်တချို့ နဲ့ ပြည်သူ ဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ ဖက်ဒရယ် FM က ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၈) တပ်ခွဲ (၃) အစ္စလာမ်ဘာသာဝင် တပ်စုမှူးက “ ဘုရားဝတ်ပြုတယ်၊ ကုရ်ဘာနီ ဆိုတာက စွန့်လှူ့တာပေါ့၊ သားသတ်ပြီး၊ ချို့တဲ့တဲ့ သူတွေ နဲ့ အသိမိတ်ဆွေတွေကို ပြန်မျှဝေပေးတာပေါ့”လို ပြောထားပါတယ်။
အကြမ်းဖက်စစ်အုပ်စု အာဏာမသိမ်းခင် အီးဒ်နေ့ကို ကျင်းပဖို့ ဂေါပကအဖွဲ့ နဲ့ အစိုးရ အဖွဲ့,ထံ အဆင့်ဆင့် စာတင်၊ ငွေပေးရတာ ကြောင့် ဝေစုနည်းပါးပြီး၊ အခုလက်ရှိမှာ စာတင်စရာမလို၊ပိုက်ဆံ ပေးစရာလည်း မလိုတော့တဲ့အတွက် မရှိသူတွေကို ပိုဝေမျှနိုင်ခဲ့ တယ်လို့ နှိုင်းယှဥ်ပြပါတယ်။
KNDF တပ်ရင်း (၂၅) တပ်ခွဲ (၃) ခွဲမှူး ဗိုလ်ကြီးကလည်း “စစ်အုပ်စု အာဏာမသိမ်းခင်က မနက်ဖြန်၊သဘက်ခါ အီးဒ်နေ့ဆို အဝတ်အစား အသစ်တွေဝယ်၊ အိမ်လာမယ့် ဧည့်သည်တွေကို ပြင်ဆင်စောင့်ကြ အခုက ဒါမျိုးတွေ မရှိတော့ဘူးလို့”ပြောပါတယ်။
အခုလက်ရှိ ကရင်နီပြည်နယ် ခုခံရေးအင်အားစုအတွင်း အစ္စလာမ် ဘာသာဝင် ရဲဘော် ၂၀ ခန့် ပါဝင်နေတယ်လို့လည်း နောက်ဆက်တွဲ သတင်းထုတ်ပြန်ပေးထားပါတယ်။