ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။
“အဓိကကတော့ ဆန်နဲ့ ရိက္ခာတွေလိုအပ်တာပေါ့နော်။ဆီ ဆားတွေပေါ့။ အခုက တအားဈေးတက်တော့ ဝယ်မစားနိုင်ဘူးလေ ကျွန်မတို့က။ ဝင်ငွေလည်းမရှိဘူးလေ။ ကလေးငယ်နဲ့ဆို အခက်အခဲလည်း ရှိတယ်။ အလုပ်မရှိတော့ တအားခက်ခဲတာပေါ့။ မိုးကာက အိပ်ဖို့နေရာ လုံဖို့လိုတာပေါ့”လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၆ အိမ်ရှိပြီး လူဦးရေ ၁၃၀ ကျော်နေထိုင်နေကာ သက်ကြီးရွယ်အို၊ကလေးငယ်နဲ့ နို့တိုက်မိခင်တို့ ၆၀ကျော် ပါဝင်နေထိုင်နေတယ်လို့သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက ဒေါငံခါးရပ်ကွက် နဲ့ လွိုင်ကော်မြို့တွေကနေ စစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီတပ်နဲ့ နီးကပ်တာကြောင့် ခုလက်ရှိအချိန်အထိ နေရပ်ပြန်ပြီး စီးပွားရေးနဲ့ တောင်ယာ လုပ်ငန်းလုပ်ကိုင်ဖို့ အဆင်မပြေသေးဘူးလို့ဆိုပါတယ်။
ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်စခန်း ၅၀ ကျော်အထိရှိနေပြီး စစ်ဘေးရှောင်ပြည်သူအများစုက စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ ခက်ခဲတာကြောင့် ပြည်သူလူထုက လှူဒါန်းမှုကို အားကိုးနေရကာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ၊ သောက်သုံးရေနဲ့ မိုးကာလိုအပ်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။