ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်းတွင် ရာသီဥတု ပြန်လည်ကောင်းမွန်နေသဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိတ်စိတ် ပြန်လည်လုပ်ဆောင်နေသည်။ ထို့ကြောင့် ဒေသခံနှင့် စစ်ရှောင်များအနေဖြင့် လေကြောင်းရန်ကို စိုးရိမ်ေကြာက်ရွံ့နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“တိုက်ပွဲဖြစ်နေတာ ဒီလအစလောက်ကတည်းကပေါ့နော်။ အဲ့တုန်းက မိုးရွာနေတော့ သူတို့ လေယာဉ်သိပ်မသုံးဖြစ်ဘူး။ ဒီတစ်ရက်နှစ်ရက်မှာ နေပွင့်မှ သုံးဖြစ်တာ။ ဒီနေ့လည်း နေပွင့်နေတယ်။ နေပွင့်နေတော့ နည်းနည်းတော့ ကြောက်ရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်စောစော ၀၀နာရီ ၂၅ မိနစ်ခန့်တွင်တစ်ကြိမ်၊ ၀၀နာရီ ၃၆ မိနစ်ခန့်တွင်တစ်ကြိမ် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဝေးသည့် ဒီးမောဆိုမြို့အနောက်ခြမ်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ခက်ခဲမှုကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ် ၂နာရီနှင့် ညနေ ၄ နာရီတို့တွင်လည်း ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်တွင် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးရှိကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ကြား ပြည်ထောင်စုလမ်းမကြီး၏ ဒေါညင်းခူ -ထီးပေါ့ဆိုလမ်းပိုင်းကို ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် KNDF က ဩဂုတ်လ ၂ ရက်နေ့တွင် အရေးပေါ် သတိပေး ထုတ်ပြန်ထားသည်။