ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။
ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၁၀နာရီကျော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်အ နောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။
“အိမ်နဲ့ စာသင်ကျောင်း တစ်ကျောင်းအပါဆိုရင် ငါးလုံးလောက် ပျက်စီးသွားတယ်။ပြီးတော့ ဒဏ်ရာရတဲ့ လူငယ်တစ်ယောက်ရှိတယ်။သူ့အခြေအနေကတော့ သိပ်စိုးရိမ်စရာ မရှိတော့ပါဘူး”ဟု ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ရှင်းပြသည်။
ယမန်နေ့ညပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့်ပါ ငါးကြိမ် ထက်မနည်း ပစ်ခတ်မှုရှိခဲ့ကြောင်း ၎င်းက အသိပေးသည်။
ယခုလ ၂၃ ရက်ကလည်း ဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့အတူ မကြာသေးမီရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာရှိ လူနေအိမ်နှင့် ဖရူဆို မြို့ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
“အခု သူတို့ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့တဲ့ကျေးရွာတွေက စစ်ဘေးရှောင်တဲ့နေရာတွေဖြစ်တယ်။အဲဒါကိုကရင်နီတပ်တွေ ခိုအောင်းနိုင်တဲ့နေရာဆိုပြီး အရပ်သားတွေနေရာကိုပါ ရန်သူလို့သတ်မှတ်ပြီး ဆက်တိုက် လက်နက်ကြီးရော လေယာဥ်နဲ့ ပါ တိုက် ခိုက်လာတာလို့ သုံးသပ်တယ်။တစ်ခုပြောလိုတာက ကရင်နီ တပ်ပေါင်းစု အနေနဲ့ရော ကရင်နီ တပ်ဖွဲ့တွေတိုင်းသည် လူထုကိုဘယ်တော့မှ စစ်ရေးပစ်မှတ် ဖြစ်လာအောင် မနေဘူး”ဟု ကရင်နီစစ်ဘက်ရေးရာ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ စစ်ကောင်စီက မကြာခဏလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျှက်ရှိကြောင်းလည်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။