ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
ယနေ့(စက်တင်ဘာ ၁ ရက်) နံနက်အစောပိုင်းက စစ်ကောင်စိတပ်သည် လွိုင်ကော်မှတဆင့် ဒီးမော့ဆိုမြို့နယ်သို့ အစီးရေ ၄၀ကျော်ပါ စစ်ကောင်စီယာဥ်တန်းဖြင့် အင်အားဖြည့်တင်းခဲ့ခြင်းဟု ဆိုသည်။
“ကင်းထောက်အရဆို ၄၇စီးပါတယ်။ဒီးမော့ဆို အရှေ့ခြမ်းဘက်ကို ပို့ဖို့များတယ်။နောက် အဲဒီကနေ ဖရူဆိုဘက်ခြမ်းပေါ့။သူတို့ဘက်က ဒီးမော့ဆို- ဖရူဆိုပြည်ထောင်စုလမ်းမကြီးကို အရမ်းလိုချင်နေတာကို။ဒါပေမယ့် အခုထိလည်း မရသေးသလို မြေပြင်မှာလည်း သေနေတာဆိုတော့ ထပ်ပြီး အင်အားဖြည့်တာပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အတူ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအချို့ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာတွင် ခဲယမ်းနှင့် စစ်အသုံးဆောင်အချို့ သိမ်းဆည်းရရှိကြောင်းလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။
“(၆၀)မမ ဗုံးသီးတွေရယ်၊ နင်းမိုင်းနဲ့ ကျန်တာတော့သူတို့ ခြင်းကြားတွေပေါ့”ဟု ၎င်းက ပြောသည်။
ယခုနှစ် နှစ်လယ်ပိုင်းက တပ်ရင်းငါးရင်းအထိအသုံးပြုကာ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါတမကြီးနှင့် ဒေါညေးခူးကျေးရွာများကို အထိုင်ချတပ်စွဲရန်ကြိုးပမ်းခဲ့သော စစ်ကောင်စီတပ်မှာ ကရင်နီပူးပေါင်းတပ်၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရသည်။
သို့သော် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ တနီးလားလဲနှင့် ကန်ခုနှစ်ဆင့် ဒေသတစ်ဝိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က တိုက်ခိုက်နေဆဲ ဖြစ်သည်။