ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တစ်နေရာမှာ စစ်ဘေးရှောင် လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ အနေနဲ့ စက်တင်ဘာလက စပြီး တစ်လခွဲကျော်ကြာ အခြေခံ ဘောလုံး သင်တန်း ဒုတိယ အကြိမ်မြောက် သင်ကြားပေးခဲ့တယ်လို့ Ka Nyar Maw Foundation– KNMF က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အမည်မဖော်လိုတဲ့ စစ်ရှောင်စခန်း တစ်ခုက အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူ၊ ကျောင်းသား လူငယ် ၈၀ ကျော်ကို သင်တန်းနည်းပြ ၇ ဦးက ဘောလုံးပညာ သင်ကြားပေးနေတာလို့ သူကဆိုပါတယ်။
“ရည်ရွယ်ချက်ကတော့ မွန်းကြပ်နေတဲ့ အခက်အခဲတွေကြား ကိုယ့်ရဲ့ အိမ်မက်တွေနဲ့လည်း ထွက်ပေါက် ရှာလို့ရတယ်။ အိမ်မက်တွေလည်း ဆက်မက်ခွင့်ရှိတယ် ဆိုတာ သိစေချင်တယ်။ သူတို့ကို ကျောင်းပြင်ပချိန် ဘောလုံးသင်တန်းပေးမယ် ပြောကတည်းကကို အရမ်းပျော်ကြတယ်”လို့ သူက ပြောပါတယ်။
ကျောင်းစာအပြင် စိတ်ထွက်ပေါက်ရပြီး ကာလကြာ စစ်ရှောင်နေရလို့ မွန်းကျပ်နေတာတွေ ကုစားပေးဖို့ သီချင်း သီဆိုတာ၊ ကခုန်တာ၊ ဂိမ်းကစားတာ၊ အားကစားပြိုင်ပွဲတွေ ပြုလုပ်ပြီး ဆုပေးတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
ဘောလုံး သင်တန်း တက်ပြီးနောက် စစ်ဘေးရှောင် လူငယ်တွေ စိတ်ဓာတ် တက်ကြွလာတယ်လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခွဲကျော် ရှိနေပြီး စစ်ဘေးဒဏ် ခံစားနေရတဲ့ ကလေးငယ် တွေဟာ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေ သူတွေက ပြောတယ်။