ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကလောကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ စာသင်ဆောင် အသစ်တစ်ခု စက်တင်ဘာလ ဒုတိယအပတ် အတွင်းက ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ Clean Yangon အဖွဲ့ရဲ့ တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါတယ်။ ကလောကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ ကျောင်းသား ၃၀၀ ဝန်းကျင်ရှိပြီး ဆရာ ဆရာမ ၁၀ ဦးကျော်က ပညာသင်ကြားပေးနေကာ မူလတန်းကနေ ၁၀ တန်းအထိ ဖွင့်လှစ်ထားပါတယ်။
“ကလေးတွေရဲ့ လိုအပ်ချက်တွေက အများကြီး ရှိတာပေါ့။ ကျွန်တော်တို့ လှူတဲ့ စာသင်ဆောင်က ပေ ၈၀၊ ပေ ၂၀ ပေါ့နော်။ ၄ ခန်းတွဲ လှူထားတယ်ပေါ့။ ရှိတဲ့ ကျောင်းသား အရေအတွက်နဲ့ ဆိုရင် စာသင်ဆောင်က လိုအပ်နေပါသေးတယ် ခင်ဗျ” လို့ ကိုဇေယျာထွန်းက ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ကာလ ကလေးတွေရဲ့ ပညာရေး နှောင့်နှေးမှာစိုးလို့ တတ်နိုင်တဲ့ဘက်က ကူညီပေးနေတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ကရင်နီပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် စာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ၊ သင်ထောက်ကူတွေ လိုအပ်လျက်ရှိပြီး စာသင်ကျောင်း တစ်ချို့ မိုးကာနဲ့ ဆောက်လုပ်ထားတဲ့အတွက် ဆွေးမြေ့ကုန်တာတွေ ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူနေသူတွေက ပြောပါတယ်။ Clean yangon အဖွဲ့ဟာ ကရင်နီပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေ အတွက် ရိက္ခာ ကူညီပေးတာ၊ နေ့စဉ် အာဟာရ ချက်ပြုတ် ကျွေးမွေးတာ၊ ပညာရေး၊ ကျန်းမာရေး စတာတွေ ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။