ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆို မြို့နယ်ရှိ စစ်ရှောင်စခန်း ကို စစ်ကောင်စီတပ်က ယနေ့နံနက် အစောပိုင်းတွင် ပေါင် ၅၀၀ ဗုံးများဖြင့်ကြဲခဲ့၍ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူသုံးဦး ဒဏ်ရာရရှိကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် DMO-Local PDF က ထုတ်ပြန်သည်။
ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီးမော့ဆို မြို့
နယ် အနောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“ဘာတိုက်ပွဲမှ မရှိဘူးလေ။ပြီးတော့ စစ်ရှောင်စခန်း မှန်း သူတို့ မသိပဲ မနေဘူး။ပြီးတော့ ဒီးမော့ဆို အနောက်ခြမ်း မှာက ကရင်နီဒေသ တစ်ခုလုံးက စစ်ရှောင် ပြည်သူ သုံးပုံးပုံတစ်ဝက်လောက်ရှိနေတာ”ဟု ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူကလည်း People’s Spring သတင်းဌာနသို့ပြော
သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ နှစ်လုံးနှင့် ပေါင် ၁ဝဝနှစ်လုံး လေးကြိမ်တိုင်တိုင် စစ်ကောင်စီဂျက်တိုက်လေယာဥ်က ဗုံးများကျဲချခဲ့ကြောင်း အသိပေးသည်။
ထိုဗုံးကျဲမှုကြောင့် စစ်ရှောင်ပြည်သူ အသက် ( ၂ )နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တဲအချို့နဲ့ ယာယီစာသင်ကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း ဒီးမော့ဆို PDF က အသိပေးသည်။
စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့် အထိနာပြီးနောက် အပြစ်မဲ့ပြည်သူများရှိရာ စစ်ရှောင် စခန်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်း မကြာခဏ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများကပြောသည်။