ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကန်သာယာ စစ်ရှောင် စခန်းက ပြည်သူ ၈၀ နီးပါး ရာသီတုပ်ကွေး ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
ကန်သာယာ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၉ အိမ်ရှိပြီး ကိုယ်ဝန်ဆောင် ၄ ဦး၊ မသန်စွမ်း ကလေးငယ် ၃ ဦး၊ သက်ကြီးရွယ်အို ၉ ဦး အပါအဝင် ပြည်သူ ၁၆၀ ကျော် နေထိုင်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ စခန်းမှာ လူဦးရေ တစ်ရာကျော်ထဲမှာမှ သက်ကြီးရွယ်အို တချို့ အပါအဝင် အယောက် ၈၀ လောက်ထိ တုပ်ကွေး ဖြစ်သွားပြီဗျ။ အယောက်တိုင်းလိုလို ဖြစ်နေတယ်။ တခါတလေ အသင်းအဖွဲ့ကနေ ဆေးလာကုပေးတာရှိတယ်။ သူတို့ မလာနိုင်တဲ့အခါ အရေးပေါ်ဆိုရင် ဆေးခန်း သွားပြရတာမျိုးပေါ့။ သူတို့ နေမကောင်းလို့ အားနည်းတာမျိုး ဖြစ်ရင်လည်း ဆန်ပြုတ်ပဲ တိုက်ရတာပေါ့။ အသားဟင်းတွေ မစားနိုင်ဘူးပေါ့နော်။ နွေးနွေးထွေးထွေးပဲ နေခိုင်းရတာမျိုးပေါ့” လို့ စခန်း တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ စခန်းက ကလေးငယ် ၂၀ ကျော် ရာသီတုပ်ကွေး ဖြစ်ပွားနေလို့ ကျောင်းပျက်နေတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။
အခုလို စခန်းနေ ပြည်သူ အများစု ဖျားနာနေပေမယ့် ဆေးဝါး ပြတ်တောက်နေပြီး ပြင်ပ ဆေးဆိုင်တွေမှာ ဆေးဝါး ဝယ်ယူဖို့ ငွေကြေး အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
“အခုလက်ရှိကတော့ ရာသီ အကူးအပြောင်းကြောင့် ရာသီတုပ်ကွေးတွေကော၊ အအေးမိတာတွေကောနဲ့ တော်တော်များများ ဖျားနေကြပါတယ်။ ဆေးတွေဆိုလည်း လောက်တောင် မလောက်ဘူး” လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ သူနာပြု ဆရာမက ပြောပါတယ်။
လက်ရှိ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေ့စဥ် မိုးရွာသွန်းနေလို့ အအေးမိ ဖျားနာတာနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားသူ အများအပြား ရှိနေပြီး တုပ်ကွေးကြောင့် ကျောင်းပိတ်ထားရတဲ့ စစ်ရှောင် စာသင်ကျောင်းတွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။