ဒီးမော့ဆိုမြို့နယ်၊ကုန်းသာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားထိခိုက်မှုရှိကာ ခဲယမ်းအချို့ရရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့ ထုတ်ပြန်သည်။
စက်တင်ဘာ ၂ရက်က ကုန်းသာကျေးရွာရှိ အင်အား ၂၀ထက်မနည်းရှိသော စစ်ကောင်စီစခန်းကို KRU ၊ DMO PDF တပ်ရင်း(၄)နှင့် KNDFတပ်ရင်း (၁) တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။
“သေးဆူလဲ၊ပူးဖားနဲ့အပြိုင် ဝင်စီးတာပေါ့။သူတို့ဘက် အသေအပျောက်ရှိတယ်။ဒါပေမယ်လို့ အလောင်း မတွေ့ရတဲ့အတွက်အသေးစိတ် အတည်မပြုနိုင်တာပါ။ တိုက်ပွဲက နှစ်ရက်ဆက်ဖြစ်တယ်။ ၃ ရက်နေ့မှာ သူတို့အင်အားဖြည့်တဲ့အချိန် တိုက်ပွဲ ထပ်ဖြစ်တယ်။စခန်းရရှိရေးမဟုတ်ဘဲ ဝင်ပြီးတိုက်တာဖြစ်တဲ့အတွက် အခုကတော့ပြန်ပြီး စစ်ဆိုင်းထားတဲ့အအခြေအနေပဲ”ဟု KRUတာဝန်ရှိသူကပြောသည်။
ကုန်းသာကျေးရွာအတွင်း စစ်ကောင်စီက ထောင် ထားသည့် မိုင်းများအလွန်များပြားသောကြောင့် နယ်မြေ ရှင်းရာတွင် အခက်ခဲများရှိနေခဲ့ပြီး ပစ္စည်းအချို့သာ သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးထားသည်။
“အခု ထုတ်ပြန်ထားတဲ့အထဲမှာမပါတဲ့ တချို့ပစ္စည်းတွေရှိသေးတယ်။ဒါတော့စစ်ရေးအရ ထိန်ချန်ထား ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်များဖြစ်ကြသော ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ၊ DMO PDF တပ်ရင်း(၄)၊ KNDF BO (01) တို့ ဘက် မှ တစ်ဦးမျှထိခိုက်မူမရှိခဲ့ဘဲ တိုက်ခိုက်နိုင်ခဲ့သည် ဟုလည်း ဖော်ပြသည်။
လက်ရှိတွင် ကယား(ကရင်နီ)ဒေသသည် စစ်ရေး အရအပြင်းထန်ဆုံး အနေအထားတွင်ရှိနေသော ကြောင့် ရိက္ခာ၊လက်နက် နှင့်ခဲယမ်းများအတွက် ပြည်သူလူထုမှ ပါဝင်ကူညီပေးရန်လည်း KRU က တိုက်တွန်းသည်။