ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်း တစ်ခုမှာ ဒီကနေ့ သြဂုတ်လ ၁၁ ရက်၊ မနက်ပိုင်းက စိတ်ပျော်ရွှင်စေဖို့ အားကစားပွဲ ကျင်းပပြီး အာဟာရ ကျွေးမွေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ထောက်ပို့ရဲဘော် တစ်ဦးက ပြောပါတယ်။
အဲဒီ စာသင်ကျောင်းက ကလေးငယ်တွေ အတွက် အားကစားပြိုင်ပွဲတွေ၊ ဂိမ်းကစားတာတွေ ပြုလုပ်ပြီး ဆုပေးကာ အာဟာရ အနေနဲ့ ထမင်းဟင်း ကျွေးမွေးတာနဲ့ ဆရာမတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
“အဓိက ပံ့ပိုးသူက ထောက်ပို့ရဲဘော် တစ်ဦးပေါ့။ စာသင်ကျောင်း တစ်ခုကို ကျွေးချင်တယ် ဆိုတော့ ကျွန်တော့ကို ကူခိုင်းတယ်၊ အဲ့တာနဲ့ ကူဖြစ်တာပါ။ အားကစား ထည့်ပေးတာကတော့ ကလေးငယ်တွေ အခက်အခဲတွေကြား ခဏတာ ပျော်ရွှင်မှု ရပါစေဆိုပြီး ပျော်ရွှင်မှုလေး လုပ်ပေးဖြစ်တာပါ” လို့ ထောက်ပို့ရဲဘော်က ပြောပါတယ်။
ဒီစာသင်ကျောင်းမှာ ဆရာမ ၈ ယောက်က ကျောင်းသား ၁၆၃ ယောက်ကို ပညာသင်ကြား ပေးနေပြီး KG တန်းကနေ Grade-5 အထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်က စာသင်ကျောင်းတွေဟာ လေယာဥ်နဲ့ ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက ပညာသင်ကြားနေရပြီး စာသင်ကြားဖို့ သင်ထောက်ကူတွေ၊ စာရေးကိရိယာတွေ၊ စာသင်ဆောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။