ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ဒီကနေ့ တိုက်လေယာဥ်တွေနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီးမော့ဆိုမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် အခုလို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာလို့ ဆိုပါတယ်။
“ဟိုရက်က စခန်း ၂ ခု သူတို့ (စစ်ကောင်စီ) ပေးလိုက်ရတယ်လေ။ အထိလည်းနာ၊ လက်နက်တွေလည်း ပေးလိုက်ရတယ် ဆိုတော့ မဲတဲ့ သဘောပါပဲ။ ၄ ကြိမ်လောက်တော့ ရှိပါပြီ”လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီက တိုက်ပွဲ နေရာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဩဂုတ်လ ၂ ရက်ကစပြီး ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက အင်အား အမြောက်အများ သုံးကာ ထိုးစစ်ဆင် နေပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။