ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်း ၂ ခုကို ဒီကနေ့ မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီ ၀န်းကျင်က ဒီးမော့ဆိုမြို့နယ်ထဲက ဒေးစူလဲ နဲ့ ပူဖားစခန်းတွေကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ၀င်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီ ၀န်းကျင်မှာ စခန်း ၂ ခုလုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ ပြင်းထန်တယ်ပေါ့နော်။ မနက် ၅ နာရီကနေ ၁၀ နာရီလောက်ထိ ဆက်တိုက် ဖြစ်သွားတာ။ စခန်း ၂ လုံးရလိုက်ပါတယ်” လို့ သူကရှင်းပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက စခန်းတွေ မပေးရဖို့ ဂျက်ဖိုက်တာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့ပေမဲ့ တော်လှန်ရေး အင်အားစုတွေ စခန်း ၂ ခုလုံး သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တပ်စခန်း ၂ ခုမှာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း တပ်စွဲနေထိုင်တာဖြစ်ပြီး မြေပြင် သတင်းပေးပို့ချက်အရ စစ်သား အသေများပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှု လက်နက်ခဲယမ်း ရရှိမှုကိုတော့ နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ အတိအကျ ထုတ်ပြန်ပေးသွားတယ်လို့ ဒီးမော့ဆို PDF ကဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ဆုတ်သွားပြီး တိုက်ပွဲတွေ ငြိမ်နေပေမဲ့ လက်လွှတ်လိုက်ရတဲ့ စခန်းတွေကို ပြန်ယူဖို့ ကြိုးစားနိုင်တာကြောင့် တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်တယ်လို့ ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။