ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ မေလ တတိယအပတ်ကစ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ တပ်ရင်း အသီးသီးက ထုတ်ပြန်ချက်အရသိရပါတယ်။
မေလ (၁၈)ရက်နေ့မှာတော့ ရှေ့တန်းတိုက်ပွဲတစ်နေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း (၉) ဒု-တပ်စုမှူး မောင်ဖရန်စစ္စကို(ဂျားဂျာ) ကျဆုံးခဲ့ရတယ်လို့ တပ်ရင်း(၉)က ဒီကနေ့(မေလ ၂၀ရက်) သတင်းထုတ်ပြန်ပါတယ်။ ဒု-တပ်စုမှူး ရဲဘော် (ဂျားဂျာ) ကျဆုံးချိန်မှာတော့ အသက် ၂၂နှစ် ရှိပြီဖြစ်ပါတယ်။
အလားတူ မေလ ၁၅ ရက်နေ့ တိုက်ပွဲမှာတော့ KNDF တပ်ရင်း(၁၀) ရဲဘော် ခူးစိုးရယ် ကျဆုံးခဲ့တယ်လို့ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။
လက်ရှိ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာဆိုရင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာ ၂လကျော်ရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီကနေ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို ထိတွေ့တိုက်ပွဲတွေမှာနှစ်ဖက် ကျဆုံးမှုတွေလည်း ရှိနေပါတယ်။