ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတွေမှာ မိုးကာ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။
စက်တင်ဘာလ ပထမ အပတ်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ စစ်ဘေးရှောင် စခန်းတွေမှာ မိုးမလုံတာကြောင့် နေထိုင် စားသောက်ရေးပါ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် ကူညီရေး အဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦးက “အရင်က နေပူတော့ ဘာမှမဖြစ်ဘူးပေါ့။ အခု ရက်ပိုင်းက မိုးရွာတော့ သူတို့ မိုးကာတွေက မကောင်းတော့ဘူးလေ။ မိုးယိုတော့ ညဘက်လည်း ကောင်းကောင်း မအိပ်ရ။ မိုးအစိုလိုက် အိပ်တော့လည်း ဖျားနာတာတွေ ဖြစ်တာပေါ့။ ပြီးတော့ ထမင်း၊ ဟင်း ချက်ပြုတ်တဲ့ နေရာတွေလည်း မိုးစိုနေတော့ အခက်အခဲ ဖြစ်တာပေါ့” လို့ ပြောပါတယ်။
တချို့စခန်းတွေမှာ အဝတ်အစားတွေပါ မိုးရေစိုကုန်ပြီး ရေမခြောက်တာကြောင့် အမျိုးသား အများစု အပေါ်ပိုင်း အင်္ကျီ ဗလာကျင်းနဲ့ နေရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ဘေးရှောင် စခန်းတွေမှာ အသုံးပြုတဲ့ မိုးကာတွေဟာ အနည်းဆုံး ၆ လဝန်းကျင်သာ အသုံးခံပြီး နှစ်ကြာလာတာနဲ့ အမျှ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့ပျက်စီး ပေါက်ပြဲလာတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင် စခန်းတွေမှာ မိုးကာ အလှူရှင်တွေ မရှိသလောက် နည်းပါးတာကြောင့် မိုးကာ အဟောင်းကိုသာ ဆက်လက် အသုံးပြုနေရတယ်လို့ သိရပါတယ်။
“ပထမ အရေးကြီးဆုံးက ရိက္ခာပေါ့နော်။ ရိက္ခာရှိမှ အသက်ဆက်လို့ ရမယ်။ ဒါပေမယ့် ကောင်းကောင်း အိပ်ရဖို့လည်း လိုသေးတယ်။ အိပ်ရေးဝမှ ကျန်းမာမယ်။ မဟုတ်ရင် ဖျားနာပြီး လူတွေ သေကြမယ်။ ဒီမှာက သိတဲ့အတိုင်း ဆေးရုံ၊ ဆေးခန်းကလည်း မလွယ်ဘူး။ ဒီတော့ အလှူရှင်တွေကို ပြောချင်တာက ရိက္ခာအပြင် မိုးကာတွေ၊ စခန်းဆောက်ဖို့ သစ်တွေ ဝါးတွေလည်း ခွဲပြီးလှူပေးကြဖို့ တောင်းဆိုပါတယ်” လို့ စစ်ဘေးရှောင် ကူညီရေး အဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦးက မေတ္တာရပ်ခံ ထားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ မိုးကာ ၁၅ ပေ ပတ်လည် တစ်ချပ်ကို ၃၀,၀၀၀ ကျပ်၊ ၁၈ ပေပတ်လည် ၄၀,၀၀၀ ကျပ်၊ ၂၄ ပေ ပတ်လည် ၆၀,၀၀၀ ကျပ် အသီးသီးရှိပြီး လတ်တလော စစ်ဘေးရှောင်စခန်း ၁၅၀ အတွက် သိန်း ၉၀ ကျပ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်စခန်း ၅၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော် နေထိုင်တယ်လို့ စုံစမ်း သိရှိရပါတယ်။