ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုအစပ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် တချို့ကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ မီးရှို့ခဲ့တယ်လို့ ရှေ့တန်းရောက် ရဲဘော် တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမဘေးက ငွေတောင်ရွာသစ်၊ ကာဒါးလားနဲ့ ဒေါညေးခူကျေးရွာတွေက တစ်ရွာကို အိမ်သုံးလေးလုံးနှုန်းနဲ့ ၃ ရွာပေါင်း အိမ် ၁၀ လုံးကျော် မီးရှို့သွားတယ်လို့ ဆိုပါတယ်။
“၂၅ ရက်နောက်ပိုင်းကနေ တောက်လျှောက် အိမ်တွေရှို့နေတယ်။ တစ်ရက် တစ်လုံး ၂ လုံးတို့ပေါ့။ ၁၀ လုံး ဝန်းကျင်လောက်တော့ ရှိမယ်ပေါ့နော်။ အတိအကျတော့ မသိရသေးဘူးပေါ့နော့” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ပြည်သူပိုင် နေအိမ်တွေထဲက ပစ္စည်းကောင်းတွေနဲ့ ရိက္ခာတွေ ယူဆောင်သွားလေ့ရှိပြီး နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ငွေတောင်ရွာသစ်ကျေးရွာ အနီးမှာ စစ်အင်အား ထပ်မံ တိုးချဲ့တာတွေရှိပြီး အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးကို ရိက္ခာထောက်ပို့ကားတွေ ဖြတ်သန်းနိုင်ဖို့အတွက် ပြန်လိုချင်နေတာကြောင့် အင်အားသုံး ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။