ကရင်နီပြည်နယ်၊ ဒီးမော့ဆို သဲတောင်ဒေသကို စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ ဒီကနေ့ မနက်ပိုင်းမှာ အင်အားတွေ ထပ်ပို့နေတာကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်မယ်လို့ လွိုင်ကော် PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်-ဒကစ ထဲက စစ်ကား ၄ စီး၊ အင်အား ၆၀ ခန့်ဟာ ဒီးမော့ဆို သဲတောင်ဒေသဘက်ကို ပြည်ထောင်စု လမ်းမကြီးက တစ်ဆင့် ဒီကနေ့ မနက်ပိုင်းမှာ အင်အား သွားဖြည့်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“အားလုံး အင်အား ၅၀ နဲ့ ၆၀ ကြား ဒကစ ထဲကနေ ထွက်သွားပြီး သဲတောင်ဘက်ကို ထွက်သွားတယ်။ အခုလေးတင် မနက်ပိုင်းလေးတင်ပဲ” လို့ သူကရှင်းပြပါတယ်။
သဲတောင်ဒေသမှာ ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက တပ်မ (၅၅) (၇၇) စစ်ကြောင်း ၃ ခု၊ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးရာမှာ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၂ ရက် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၃၀ ကနေ ၅၀ ကြား သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးတာကြောင့် အင်အား ထပ်ဖြည့်တာလို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“သူတို့ (စစ်ကောင်စီ) ဘယ်လောက်သေလဲဆိုတာ လောလောဆယ်တော့ အတည်မပြုနိုင်သေးပါဘူး။ အခု အင်အားလာဖြည့်ပုံအရ အဲ့လောက်နီးပါး သေလို့ လာဖြည့်တာလို့တော့ ထင်တယ်” လို့ သူက သုံးသပ် ပြောဆိုပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း မြို့နယ် တစ်ချို့ကို လက်လွှတ်ထားရပြီး အရေးပါတဲ့ လမ်းကြောင်းတွေကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတာကြောင့် စစ်လက်နက်၊ ရိက္ခာ သယ်ယူပို့ဆောင်မှု အကန့်အသတ် ဖြစ်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေကို ပြန်လည် ထိန်းချုပ်ဖို့ သယ်ယူပို့ဆောင်ရေးအရ အရေးပါတဲ့ ဒီးမော့ဆို-ဖရူဆို-လွိုင်ကော်-ပင်လောင်း-ဖယ်ခုံ စတဲ့ လမ်းပိုင်းတွေနဲ့ ပြည်ထောင်စု လမ်းမကြီးကို ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
၁၃ ရက် ကြာမြင့်နေပြီဖြစ်တဲ့ သဲတောင် တိုက်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်း အင်အား ထပ်ဖြည့်လာတာကြောင့် ဆက်လက် ဖြစ်ပွားလာနိုင်ပြီး ပြည်သူတွေ အနေနဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ သဲတောင်ဒေသ အပြင် ဒေါညင်းခူ-ထီးပေါ့ဆို လမ်းပိုင်းမှာ လုံး၀ ဖြတ်သန်း သွားလာမှု မပြုလုပ်ဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။