ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေ စတင်ပြတ်လပ် နေပြီလို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက ဒီကနေ့ ဇူလိုင်လ ၆ ရက်မှာ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ လပိုင်းကပြီး စစ်ရေး ပိုမိုတင်းမာလာတာ၊ စစ်ကောင်စီက လမ်းတွေ ပိတ်ဆို့ပြီး စစ်ရှောင်တွေ ရိက္ခာပြတ်တောက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာတွေကြောင့် အခုလို အခြေအနေတွေ ဆိုးရွားလာတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
“စပြီး ပြတ်နေတာတော့ တစ်ပတ်နီးပါးလောက်ရှိပြီ။ အရေးကြီးဆုံးဖြစ်တဲ့ ဆန်တွေရဖို့ ခက်ခဲသွားတာက အဆိုးဆုံးပဲ။ အရင်ကတည်းက မလောက်ငှလို့ ပြောင်းနဲ့တွဲ ပြီး စားနေကြရတာ။ အခုက ဒီမှာရှိတဲ့ စစ်ရှောင် ဦးရေနဲ့ ဆန်က ဘယ်လိုမှ မလောက်ဘူး။ တစ်အိမ်ထောင်ကို တစ်ပတ်စာ ဆန်တစ်ပြည်တောင် မရနိုင်တဲ့ အနေအထား ဖြစ်နေတာ” လို့ စစ်ရှောင် ကူညီစောင့်ရှောက်နေသူ တစ်ဦးက ရှင်းပြပါတယ်။
ဒီးမော့ဆို အရှေ့ခြမ်း၊ ဒေါတမကြီး၊ ဒေါညေးခူ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ဒီးမော့တို အရှေ့ခြမ်း တစ်ခုလုံးက ပြည်သူ ၄၀,၀၀၀ ဝန်းကျင်ခန့်ဟာ ဒီးမော့ဆို အနောက်ခြမ်း ကျေးရွာတွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီက လမ်းတွေ ပိတ်ဆို့ထားလို့ ကုန်သွယ်မှု ရပ်တန့်နေပြီး ဆန်ကြမ်း တစ်အိတ် ကျပ် ၇၀,၀၀၀ ဝန်းကျင် ဖြစ်လာသလို စစ်ရှောင်ကို လှူဒါန်းနေတဲ့ အလှူရှင်တွေလည်း လျော့ပါးလာတယ်လို့ စစ်ရှောင်ကူညီနေသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင် စခန်းတွေမှာ ဆေးဝါး လုံလောက်မှု မရှိတာ၊ သောက်သုံးရေ သန့်ရှင်းမှု မရှိတာတွေကြောင့် ရာသီတုပ်ကွေး၊ အဖျားရောဂါနဲ့ ဝမ်းရောဂါတွေ အဖြစ်များနေတယ်လို့ သူကပြောပါတယ်။
“အခြေခံ စားသောက်ကုန်တွေတောင် မရတာ ဆိုတော့ ဆေးဝါး ပိုခက်တာပေါ့။ ရနိုင်သလောက် စုထားပေမဲ့ ရာသီတုပ်ကွေးလိုမျိုးဆို အကုန်လုံး တစ်ယောက်ပြီး တစ်ယောက် ဖြစ်တာမျိုး ဆိုတော့ မနိုင်ဘူးပေါ့နော်။ နောက်ပြီး သောက်သုံးရေ။ အခု မိုးတွင်းလို ကာလမှာတောင် မိုးလေး ရက်နည်းနည်း တိတ်တာနဲ့ ရေလိုပြီပဲ။ အဲတော့ လိုက်ခပ်။ သေချာ ကျိုမချက်နိုင်တဲ့ အခြေအနေတွေမှာ ဝမ်းရောဂါတွေ ဖြစ်ကြတယ်” လို့ သူကရှင်းပြ ပါတယ်။
အခုလို အခြေအနေတွေ ကြုံတွေ့နေရတဲ့ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင် ပြည်သူတွေဟာ ခက်ခဲပင်ပန်းစွာ အသက်ဆက်နေရပေမဲ့ လုံခြုံမှု မရှိဘဲ စစ်ရှောင် စခန်းတွေကို စစ်ကောင်စီက မကြာခဏ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် မကြာခဏ ရွှေ့ပြောင်း နေထိုင်နေရတယ်လို့ စစ်ရှောင် စခန်းမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။