ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
Dove KK အဖွဲ့က ပင်လယ်ကွေ့ စာသင်ကျောင်းမှာ သွားရောက် ကူညီဖို့ ရှိတယ်လို့ သိရတဲ့အတွက် တစ်ရက်တည်းမှာ ၂ ဖွဲ့ပေါင်းပြီး ကူညီပေးခဲ့တာလို့ သိရပါတယ်။
“ရဲဘော်တွေ ရှေ့တန်းက ပြန်လာချိန် နောက်တန်းမှာ တတ်နိုင်သလောက် ကူညီတာပေါ့။ ဒါကလည်း အလှူရှင် ရှိလို့ပေါ့။ မွေးနေ့ အထိမ်းအမှတ် အနေနဲ့ အာဟာရ တစ်နပ် ကျွေးပေးပါဆိုလို့ ကျွန်တော်တို့က လာပြီး ကျွေးဖြစ်တာပါ။ အလှူရှင်ကတော့ ကိုဗိုက်ကလေး ပါ” လို့ သူက ပြောပါတယ်။
ပင်လယ်ကွေ့ စာသင်ကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာမ ၅ ဦးက ကျောင်းသား ၆၅ ဦးကို ပညာ သင်ကြားပေးနေပြီး KG တန်းကနေ ၄ တန်းအထိ ဖွင့်လှစ်သင်ကြားပေးနေရာ စစ်ဘေးရှောင် ကလေးငယ်တွေ ပိုများတယ်လို့ သိရပါတယ်။
ကလေးငယ်တွေဟာ စစ်ရှောင်ရတာကြာပြီး လေကြောင်း တိုက်ခိုက်သံတွေကြောင့် ကြောက်လန့်မှုတွေ လျော့နည်းအောင် ဂိမ်းကစားပေးတာ၊ အားကစားပြိုင်ပွဲ လုပ်ပြီး ဆုချီးမြှင့်တာ၊ သီချင်းသီဆို ကခုန်တာ၊ မုန်နဲ့ အအေး တိုက်တာ၊ အာဟာရ အနေနဲ့ ဒန်ပေါက် ကျွေးမွေးတာ၊ ဆရာမတွေကို ပညာရေး ထောက်ပံကြေး ပေးအပ်တာ၊ အမျိုးသမီး လစဥ်သုံး ပစ္စည်းတွေ ဝေငှတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အတွက် လေကြောင်းရန်ကို နားစွင့်ပြီး ပညာ သင်ကြားနေရတယ်လို့ သိရပါတယ်။