ကရင်ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဖောင်ငန်စာသင်ကျောင်းမှာ အခု စာသင်နှစ်အတွက် စာရေးကိရိယာ၊ ထိုင်ခုံတွေနဲ့ သင်ထောက်ကူ ပစ္စည်း လိုအပ်ချက် များပြားနေတယ်လို့ ကျောင်းအုပ် ဆရာမက ပြောပါတယ်။
စာသင်ကျောင်းမှာ ကျောင်းသား ၁၆၃ ဦး ပညာ သင်ကြားနေပြီး စစ်ရှောင် ကလေးငယ်တွေ များပြားကာ ဆရာမ ၈ ဦးက သင်ကြားပေးနေတယ်လို့ သိရပါတယ်။
“ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ အများကြီး လိုအပ်တယ်။ သင်ထောက်ကူတွေကော၊ ဆရာမတွေ အတွက်လည်း သင်တန်းတွေ မရသေးတော့ အဆင့်မြင့် သင်တန်းတွေ လိုအပ်တယ်။ ပြီးတော့ ထိုင်ခုံတွေက အခု KG တွေအတွက် ထိုင်ခုံ မလောက်သေးဘူး၊ မြေကြီးပေါ်ပဲ ထိုင်ရတယ်၊ အခင်းတွေလည်း လိုအပ်တယ်။ ကျန်းမာရေး အတွက်ပေါ့နော်၊ မိုးအရမ်းရွာတုန်းက မိုးရေတွေ ဝင်တာလည်း ရှိတယ်။ အမိုးကလည်း မလုံဘူးပေါ့” လို့ ကျောင်းအုပ် ဆရာမက ပြောပါတယ်။
ကျောင်းမှာ KG တန်းကနေ Grade-5 အထိရှိတာကြောင့် ဆရာမတွေက တစ်တန်းကို တစ်ယောက်နှုန်းနဲ့ သင်ကြားကာ ပန်းချီ၊ ဂီတ ကိုလည်း အချိန်ရသလို သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
စာသင်ပေးနေသူ အများစုက CDM ဆရာမတွေ ဖြစ်တာကြောင့် မိသားစု ရပ်တည်ဖို့ အခက်အခဲတွေလည်း ရှိတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရှောင် ကလေးငယ်တွေ အခက်အခဲ များစွာ ရင်ဆိုင်နေရပြီး အခက်အခဲကြားက ကလေးတွေရဲ့ ပညာရေး နှောင့်နှေးမှာ စိုးရိမ်လို့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်တွေ ပညာသင်ကြားဖို့ အခက်အခဲများစွာ သာမက လက်နက်ကြီးရန်၊ လေကြောင်းရန်တွေကြားက သင်ယူနေရတာဖြစ်ပြီး သင်ထောက်ကူတွေ၊ စာရေး ကိရိယာတွေ အပြင် ဆရာ၊ ဆရာမတွေကို ထောက်ပံ့ဖို့လည်း လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။