ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေ အတွက် ဗုံးခိုကျင်း အလှူရှင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေထံက သိပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဒီနေ့ စက်တင်ဘာ ၂ ရက်၊ မနက် ၄ နာရီက တိုက်ပွဲ စတင် ဖြစ်ပွားနေပြီး ဒီနေ့ တစ်ရက်ထဲ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်နဲ့ အထက် အပြင် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို ဗုံးခိုကျင်းတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
J0b For Kayah-JFK အဖွဲ့ တာဝန်ရှိသူ တစ်ဦးက “လောလောဆယ် စစ်ရှောင်တွေ မပြေးရသေးပါဘူး။ လေကြောင်း အန္တရာယ်ကြောင့် ဗုံးခိုကျင်းထဲ ဝင်နေကြတယ်။ အသွားအလာ မလုပ်ကြတာ၊ အပြင်မထွက်ကြတာမျိုးတော့ ရှိတယ်။ လေကြောင်း တိုက်ခိုက်တာက တိုက်ပွဲ ဧရိယာထဲမှာ ဆိုပေမယ့် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
လတ်တလော စစ်ဘေးရှောင်တွေနဲ့ စခန်းတွေ ထိခိုက်မှု မရှိသေးပေမယ့် ဗုံးခိုကျင်းနဲ့ လူဦးရေ မမျှတတာကြောင့် အလှူရှင်တွေ အရေးပေါ် လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဗုံးခိုကျဉ်း တစ်ကျင်းအတွက် လက်ရှိ သစ်နဲ့သံ ဈေးနှုန်းအရ ကုန်ကျစရိတ် ၄၀၀,၀၀၀ ကျပ် ဝန်းကျင်ရှိပြီး အလှူရှင်တွေက စားနှပ်ရိက္ခာကို အဓိက လှူဒါန်းကြပြီး ဗုံးခိုကျင်းအတွက် သီးသန့် လှူဒါန်းသူ နည်းတယ်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် တစ်ဦးက “ဒီနေ့ လေကြောင်းတော်တော် ပစ်နေတာက စကစ (စစ်ကောင်စီ) ဘက် အကျအဆုံးများလို့ ဆိုတာ ရှင်းနေတာပဲ။ သူတို့ ထိရင် လေကြောင်းကနေ မဲမဲမြင်ရာ အကုန် ပစ်တာ။ အခု ကျနော်တို့ အတွက် ဗုံးခိုကျင်း မလောက်လို့ တချို့က တောထဲတောင်ထဲ ပြေးပုန်းနေရတယ်။ သီးသန့် အလှူရှင်လေး ရှိရင် ကောင်းမယ်” လို့ ပြောပါတယ်။
ဒီမနက် အစောပိုင်း ကတည်းက ကင်းထောက်လေယာဉ်တွေ အဆက်မပြတ် ပျံဝဲနေပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနေတဲ့အပြင် ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ အနေနဲ့ အသွားအလာ မလုပ်ကြဖို့ ကရင်နီ တော်လှန်ရေး အင်အားစု တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းကို ၁၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ပြီး စစ်ဘေးရှောင် တစ်ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။