ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက် ကယန်းဒေသမှာ စက်သုံးဆီ ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
‘၁၁၁၁ စစ်ဆင်ရေး’ စတင်ပြီးနောက် ကရင်နီပြည်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း နယ်စပ်မှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် တစ်ပတ်၊ ဆယ်ရက်ကြာမှ ဆီဘောက်ဆာကား တစ်ကြိမ် လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီးမော့ဆို အနောက်ခြမ်း၊ လအိတို့ လအိမ် တို့ဘက်လည်း ပြတ်တယ်။ ဆီးဘူးဘက်ကို လာလာဝယ်ကြတယ်။ ဆိုင်ကယ် တစ်စီးကို ၂ လီတာရတယ်။ တချို့ဆိုင်ကြီးတွေ ဆိုရင် ပေပါလာချရင် ဆယ်ပိဿာပုံးနဲ့ ရတယ်” လို့ အနောက်ကယန်း၊ ဆီးဘူးဒေသခံ အမျိုးသမီး တစ်ဦး ပြောပါတယ်။
ဒေသတွင်း ဆီဖြန့်ပေးနေတဲ့ ဆီးဘူးဒေသမှာ ဓါတ်ဆီ တစ်လီတာ ၃,၆၀၀ ကျပ်သာ ပေါက်ဈေးရှိပေမယ့် တစ်ဆင့် ပြန်ရောင်းတဲ့ အနောက်ကယန်းဒေသ တချို့နဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ နေရာ ဒေသပေါ် မူတည်ပြီး ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
အခုလို စက်သုံးဆီ ပြတ်လပ်ပြီး မတန်တဆ ဈေးမြင့်တက်တာဟာ စစ်ကောင်စီက ဖယ်ခုံ လမ်းကြောင်းကို ပိတ်ထားလို့ တခြားလမ်းက တင်သွင်းနေရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“ဓါတ်ဆီပြတ်တော့ ကုန်ဈေးနှုန်းတက်။ မုန့်က ၅၀ ကနေ ၁၅၀ ဖြစ်လာတယ်။ အခု ပဲပလာတာ တစ်ချပ်ကို ၁,၅၀၀၊ ပေါက်ဆီတစ်လုံး ၂,၅၀၀ အဲလိုတွေ တက်လာတယ်။ ကြက်သွန်နီက တစ်ပိဿာ ၅,၀၀၀။ စားအုန်းဆီက တစ်ပိဿာ ၁၄,၀၀၀။ ဆန်က အခုဆို ပြတ်နေပြီ။ ဆိုင်လည်း သိပ်မရှိတော့ဘူး။ တချို့ဆိုရင် ၉၀,၀၀၀ ကနေ ၁၂၀,၀၀၀ ဖြစ်နေပြီ” လို့ အနောက်ကယန်း ဆီးဘူးဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စက်သုံးဆီပြတ်တဲ့ အကျိုးဆက် အနေနဲ့ အနောက်ကယန်းဒေသနဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ လည်ပတ်ဖို့ ဆီမလုံမလောက် တာကြောင့် တစ်ရက် ပျမ်းမျှ ၆ နာရီခန့်သာ ဖုန်းနဲ့ အင်တာနက်လိုင်း ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။